ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၃ ရက်)
ယခင်အပတ်က ကျွန်တော်ရေးသားခဲ့တဲ့ “ခဲဆိပ်သင့်ခြင်း” အကြောင်းမှာ ပြောခဲ့သလိုပါပဲ။ သတ္တုတူး ဖော်ရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ကာကွယ်ပေးမဲ့ စီမံချက်တွေ မရှိဘူးဆိုရင် ဒေသခံ လူသားတွေ၊ တိရစ္ဆာန်တွေတင်မကဘဲ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးပါ အဆိပ်သင့် ပျက်စီးရပါတယ်။ လုပ်ငန်းခွင်တွေက စွန့်ပစ်လိုက်တဲ့ ဓာတုအဆိပ်တွေဟာ မြစ်ချောင်း တွေထဲ စီးဝင်ပျံ့နှံ့ပြီး လူတို့ရဲ့ အသက်အန္တရာယ်ကို တိတ်တဆိတ် ခြိမ်းခြောက်နေပါတယ်။
ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အတွေ့များလှတဲ့ ပြဒါး၊ အာဆင်းနစ် နဲ့ ကတ်ဒမီယမ် တို့ရဲ့ အဆိပ်သင့်အန္တရာယ်တွေကို သတိထားမိအောင် ဆွေးနွေးပေးချင်ပါတယ်။
#ပြဒါးအဆိပ်သင့်ခြင်း (Mercury Poisoning)
“ပြဒါး” ဆိုတာ ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ “ရွှေဖမ်း” ဖို့ အဓိက သုံးကြပေမဲ့ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကိုတော့ အဆိပ်သင့်စေတဲ့ ရန်သူတော်ကြီးပါ။
ရွှေတူးဖော် ရွှေကျင်စခန်းတွေက စွန့်ပစ်လိုက်တဲ့ ပြဒါးတွေဟာ မြစ်ချောင်းတွေထဲ ရောက်သွားပြီး ငါးတွေရဲ့ အဆီနဲ့ ကလီစာတွေထဲမှာ စုပုံနေပါတယ်။ အဲဒီငါးတွေကို ကျွန်တော်တို့က ပြန်ဖမ်းစားတဲ့အခါ ပြဒါးအဆိပ်တွေက ခန္ဓာကိုယ်ထဲကို ရောက်လာတာပါပဲ။
#လက္ခဏာများ
လက်တုန်တာ၊ အမြင်နဲ့ အကြားအာရုံ ချို့ယွင်းလာတာ၊ စကားပြော ဗလုံးဗထွေး ဖြစ်တာတွေ ကြုံရတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်တိုလွယ်တာ၊ မှတ်ဉာဏ်လျော့တာနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ပြဒါးအဆိပ်သင့်ပါက သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ အန္တရာယ်အရှိဆုံးအနေနဲ့ကတော့သန္ဓေသား အဖတ်မတင်ဘဲ သားပျက် သားလျှော ဖြစ်တတ်ပါတယ်။။
#အာဆင်းနစ်အဆိပ်သင့်ခြင်း (Arsenic Poisoning)
အာဆင်းနစ်ကတော့ အရောင်၊ အနံ့၊ အရသာ လုံးဝမရှိဘဲ ရေထဲမှာ ပျော်ဝင်နေတတ်လို့ သူ့ကို “တိတ်တဆိတ် လုပ်ကြံသူ” လို့တောင် ခေါ်ကြပါတယ်။ သူ့ကြောင့် အရေပြားနှင့် ကင်ဆာ ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ချေတိုးစေပါတယ်။
သတ္တုတွင်းထွက်လုပ်ငန်းများမှ စွန့်ပစ်ထားသည့် ရေကန်များ၊ အနီးနားရှိ မြေအောက်ရေ (အဝီစိတွင်းရေ) စသည်ဖြင့် ညစ်ညမ်းနေသောရေများကို သုံးခြင်းသောက်ခြင်း ၊ ညစ်ညမ်းရေဖြင့် စိုက်ပျိုးထားသော သီးနှံများကို စားသုံးခြင်းမှတစ်ဆင့် အဆိပ်သင့်စေပါတယ်။
#အာဆင်းနစ်အဆိပ်သင့်လက္ခဏာများ
လက်ဖဝါး၊ ခြေဖဝါးတွေမှာ အသားမာတွေ တက်လာတာ (Keratosis)၊ အမည်းစက် ဒါမှမဟုတ် အဖြူစက်တွေ ပေါ်လာတာမျိုး တွေ့ရတတ်ပါတယ်။
အာဆင်းနစ်ဟာ အဆုတ်၊ ဆီးအိမ်နဲ့ အရေပြား ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ နောက်ဆုံး တွေ့ရှိချက်တွေအရ ခြေလက်တွေ ထုံကျဉ်တာနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေပါ ခံစားရနိုင်ပါတယ်။
#ကတ်ဒမီယမ်အဆိပ်သင့်ခြင်း (Cadmium Poisoning)
ကတ်ဒမီယမ်ကတော့ ခန္ဓာကိုယ်ထဲ ရောက်သွားရင် ပြန်စွန့်ထုတ်ဖို့ အင်မတန် ခက်ပါတယ်။ ကျောက်ကပ်ထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး စုပုံနေတတ်လို့ “အရိုးနဲ့ ကျောက်ကပ်ကို ဖျက်ဆီးတဲ့ အဆိပ်” အဖြစ် နာမည်ကြီးပါတယ်။
သတ္တုသန့်စင်ရာက ထွက်တဲ့ အမှုန်တွေကို ရှူမိတာ၊ ညစ်ညမ်းတဲ့ မြေမှာ စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ စားတာနဲ့ ဆေးလိပ်သောက်တာတွေကနေ အဆိပ်သင့်တတ်ပါတယ်။
#ကတ်ဒမီယမ်အဆိပ်သင့်လက္ခဏာများ
ကတ်ဒမီယမ်အဆိပ်သင့်ခြင်းရောဂါလက္ခဏာတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျောက်ကပ်၏ အလုပ်လုပ်နိုင်စွမ်း တဖြည်းဖြည်းချင်း လျော့နည်းလာပြီး ကျောက်ကပ်ပျက်စီးခြင်း (Kidney Failure) ဖြစ်ရပါတယ်။ အရိုးထဲမှာရှိတဲ့ ကယ်လ်ဆီယမ်ဓာတ်ကိုလျော့နည်းစေလျက် အရိုးများ ပွလာခြင်း၊ ကျိုးလွယ်ခြင်းနှင့် ပြင်းထန်စွာ နာကျင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ်ကို ခံစားနေရသော ဒေသခံများကို ကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများနဲ့လိုက်နာကျင့်သုံးရန် အကြံပေးချင်တာတွေ ရှိပါတယ်။
၁။ငါးစားသုံးမှု ဆင်ခြင်ပါ
အာဏာပိုင်များက သတိပေးထားသော မြစ်ချောင်းများမှ ငါးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အထူးသဖြင့် ငါး၏ ကလီစာနှင့် အဆီများကို လုံးဝမစားသင့်ပါ။
၂။ရေအရင်းအမြစ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး
မြစ်ရေကို တိုက်ရိုက်သောက်သုံးခြင်းကို ရှောင်ပါ။ သောက်ရေအတွက် စနစ်တကျ စစ်ဆေးထားသော ရေအရင်းအမြစ်ကိုသာ အသုံးပြုပါ။ (ရေကို ကျိုချက်ရုံဖြင့် ဤသတ္တုများကို မဖယ်ရှားနိုင်ပါ ကျန်းမာရေးဆိုးကျိုးများ ရှိနေမှာဖြစ်ပါတယ်။)
၃။တစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ငန်းခွင်မှ ပြန်လာတိုင်း ရေချိုးခြင်း၊ အဝတ်အစား လဲလှယ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ပါ။ သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူ လုပ်သားများကျန်းမာရေးကိုအမြဲစောင့်ကြည့်ပါ။
၄။အာဟာရ
သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဗီတာမင် စုံလင်စွာပါဝင်သော အစားအစာများကို စားသုံးခြင်းက ခန္ဓာကိုယ် ၏ အဆိပ်အတောက် စုပ်ယူမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်တာကြောင့် ရွေးချယ် စားသုံးပေးပါ။
သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေတာဟာ ဒီနေ့ခေတ် လူသားတွေ ကိုတင်မကဘဲ ကျွန်တော်တို့ နောင်လာနောက်သားတွေရဲ့ အနာဂတ်ကိုပါ အဆိပ်ခတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအသိနဲ့ မိမိကိုယ်ကိုရော မိသားစုကိုပါ ကာကွယ် စောင့်ရှောက် ကြပါစို့ခင်ဗျာ။
နောက်တစ်ပတ်မှာတော့ “သားအိမ်တွင်းထည့် သန္ဓေသားပစ္စည်း IUD ” အကြောင်းရာကို တင်ဆက် ပေးမှာ ဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ်း ပရိသတ်များ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။
မှတ်ချက်။ ။ယခုဆောင်းပါးသည် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ World Health Organization (WHO), CDC, Environmental Health Perspectives.တို့မှ အချက်အလက်များကို ကိုးကားရေးသားထားခြင်း ဖြစ်ပါသည်။