ဧရာဝတီတိုင်းမ်
မေ ၃ ရက်
ယနေ့ မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် ယူကေ (UK) အစိုးရက မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမားများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် အလေးအနက် တိုက်တွန်းလိုက်သည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ အဆင့် ၁၆၆ အထိ ကျဆင်းနေပြီး “အလွန်အမင်း ဆိုးရွားပြင်းထန်သော” အဆင့်သို့ ရောက်ရှိနေကြောင်း ယူကေအစိုးရက ထောက်ပြပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် သတင်းသမား ၂၂၀ ကျော် ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ ၄၇ ဦးမှာ အကျဉ်းထောင်များအတွင်း မတရား ချုပ်နှောင်ခံထားရဆဲဖြစ်သည်။ မြေပြင်တွင် နေ့စဉ် နှောင့်ယှက်မှုများနှင့် အသက်အန္တရာယ်များကို ရင်ဆိုင်နေရသော်လည်း ပြည်သူများထံ မှန်ကန်သည့် သတင်းအချက်အလက်များ ရောက်ရှိစေရန် သတင်းသမားများက ခိုင်မာသည့် ကတိကဝတ်ဖြင့် ဆက်လက်ရပ်တည်နေကြသည်။
“သတင်းတစ်ပုဒ်စီတိုင်းမှာ အသက်နဲ့ လုံခြုံရေးတွေကို ရင်းထားရတာဖြစ်ပါတယ်” ဟု လုံခြုံရေးအရ အမည်လွှဲထားသည့် အမျိုးသမီးသတင်းထောက် မမိုးမိုးက လက်ရှိသတင်းလောက၏ ခက်ခဲ ကြမ်းတမ်းမှုကို ထုတ်ဖော်ပြောဆိုသည်။
ယူကေအစိုးရသည် Media Freedom Coalition (MFC) ၏ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၏ လုံခြုံရေးအတွက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကတိပြု ထားသည်။ ထို့ပြင် သတင်းမီဒီယာများသည် လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိရမည်ဖြစ်ပြီး လက်ရှိ ဖမ်းဆီးခံထားရသော သတင်းသမားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် ယူကေ အစိုးရက ပြတ်သားစွာ တိုက်တွန်းထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်