ဧရာဝတီတိုင်းမ်
မေ ၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေဒေသတွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် သားမိနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ချောင်းသာ၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာအနီးရှိ သစ်တောကြိုးဝိုင်းအတွင်း (အကွက်အမှတ် ၄ အစပ်) ရှိ တဲတစ်လုံးတွင် ယမန်နေ့ မေ ၂ ရက်နေ့ နံနက်ပိုင်းက အသက် ၂၇ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် တစ်နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ချောင်းသာရဲ့ သစ်တောကြိုးဝိုင်းတွေထဲမှာ အမျိုးသမီးက ထုတ်တန်းမှာ ကြိုးနဲ့ လည်ပင်းပြတ်ရှနဲ့ သေနေပြီးတော့ ကလေးကလည်း လည်ပင်းဒဏ်ရာနဲ့ သူ့ရှေ့မှာ လဲကျ‌သေနေတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ် ကို ပြောသည်။

သေဆုံးသူ သားမိနှစ်ဦးစလုံးတွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်စီ တွေ့ရှိရကြောင်း သိရပြီး လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် နယ်မြေရဲစခန်းမှတစ်ဆင့် ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။