ဧရာဝတီတိုင်းမ်
မေ ၃ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ် ခွင့်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီး သတင်းသမားများမှာ အကြီးအကျယ် ဖိနှိပ်ခံနေရ ကြောင်း ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၆ ခုနှစ် မေလအထိ သတင်းမီဒီယာသမား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်အသီးသီးတွင် သတင်းသမား ၃၀ကျော်မှ ၆၀ ဝန်းကျင်အထိချုပ်နှောင်ခံထားရသည်။ လက်ရှိအချိန်တွင် အမျိုးသမီး သုံးဦး အပါအဝင် သတင်းသမား ၁၈ ဦး မှာ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်း သတင်းသမား ခုနစ် ဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။
လက်ရှိ အကျဉ်းချခံထားရသည့် သတင်းသမားများအနက် ၁၃ ဦးမှာ တစ်သက်တစ်ကျွန်းဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ အပါ အဝင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရပြီး စစ်အုပ်စုသည် ၎င်းတို့ကို ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ရာဇဝတ်မှုဆိုင်ရာ ပုဒ်မမျိုးစုံဖြင့် အရေးယူထားကြောင်း IPCM ၏ စာရင်းအရ သိရသည်။
စစ်အုပ်စုသည် သတင်းမီဒီယာလုပ်ငန်း ၁၉ ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး၊ ယခုနှစ် အတွင်း၌ပင် မီဒီယာ လေး ခုကို ပိတ်သိမ်းခဲ့သည်။ ထို့အပြင် မီဒီယာဆိုင်ရာဥပဒေများကိုလည်း တစ်ဖက်သတ် ပြင်ဆင်ပြဌာန်းခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ (၅)နှစ်တာကာလအတွင်း စစ်အုပ်စု၏မီဒီယာဖိနှိပ်မှုများသည် လွန်စွာပြင်း ထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်။ သတင်းမီဒီယာသမားများ နှင့်သတင်းမီဒီယာ လုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည် နိုင်ခြင်းမရှိဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက် နေပြီဖြစ်သည်။
သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အသက်သွေးကြောကဲ့သို့ အရေးပါကြောင်း IPCM က အလေးပေး ပြောကြားထားသည်။
ထို့ကြောင့် သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းနှင့် သတ်ဖြတ်ခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအတွက် တာဝန်ခံမှုရှိစေရန် အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် IPCM က တောင်းဆိုထားသည်။
ဓာတ်ပုံ-RFA