ဧရာဝတီတိုင်းမ်
(ကသာ)၊မေ ၃ရက်
စစ်ကိုင်းတိုင်းအတွင်းရှိ ကသာမြို့မှတစ်ဆင့် အင်းတော်မြို့ကို ဝင်ရောက်ထိန်းချုပ်လိုက်သည့် ရွေးတုအစိုးရ စစ်တပ်က ယခုအခါ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မော်လူးမြို့ကိုပါ နယ်မြေစိုးမိုးမှုရယူရန် စစ်ကြောင်းထိုး ကြိုးပမ်းလာကြောင်း သိရသည်။
အင်းတော်မြို့မှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါဝင်သော ရွေးတုအစိုးရစစ်ကြောင်းသည် ယမန်နေ့ မေလ ၂ ရက်နေ့တွင် မော်လူးမြို့ဘက်သို့ လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြု၍ ပစ်ခတ် တိုက်ခိုက်ကာ စစ်ကြောင်းထိုး ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
”မော်လူးက အင်းတော်မြို့နယ်ထဲပါတာပေါ့။ ကသာခရိုင်အုပ်စုတွေကို စစ်တပ်ကအကုန် ထိန်းချုပ်မှု ယူချင်ပုံရတယ်။ ကန့်ဘလူတပ်ရင်းတွေထဲလည်း အင်အားအလုံးအရင်း စစ်ကူပို့ထားတော့ တော်လှန်ရေး မြို့တွေကို တပ်ဖြန့်မှာပဲ။ အခုလည်း လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းတွေ တက်လာနေတယ်” ဟု ကသာသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ထီးချိုင့်၊ ကသာနှင့် အင်းတော်မြို့တို့ကို ပြန်လည်နေရာ ယူထားပြီး ကန့်ဘလူ၊ ကောလင်းနှင့် ကသာဒေသများတွင် နယ်မြေစိုးမိုးမှု အပြည့်အဝရရှိရန် လုပ်ဆောင် နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က ကသာ ခမရ-၃၀၉ မှ အင်အား ၅၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းသည် ဧပြီလ ၂၉ ရက်နေ့တွင် နဘားလမ်းဆုံ၌ ခြေကုတ်ယူခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့တွင် အင်းတော်မြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မော်လူးမြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
စစ်ကြောင်းများ တိုးမြှင့်လာမှုကြောင့် မော်လူးမြို့ဘက်သို့ စစ်ရှောင်လာရသည့် ဒေသခံများမှာ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရသည်။ တစ်ဖက်တွင်လည်း ကသာမြို့၌ ဒေသခံများ အစုလိုက် အပြုံလိုက် သေဆုံးသည်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော ရွေးတုအစိုးရ စစ်တပ်က ထွက်ပြေးနေသည့် ဒေသခံများကို မြို့အတွင်း ပြန်လည်ဝင်ရောက်ခိုင်းနေပြီး ကျောင်းစာမေးပွဲများ ပြန်လည်ဖြေဆိုခိုင်းနေကြောင်း သိရသည်။
ပုံစာ-ရွေးတုအစိုးရလက်အောက်ခံတပ်ဖွဲ့ဝင်များ။