ဧရာဝတီတိုင်းမ်
(မကွေး)၊မေ ၃ ရက်
မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းရှိ ဂုတ်ကြီးနှင့် ပဇီဒေသတို့တွင် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး အာဏာလုစစ်တပ်ဘက်မှ သေဆုံးမှုများကာ အထိနာနေကြောင်း သိရသည်။
ဂုတ်ကြီးစခန်းအနီးတွင် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ လေယာဉ်မျိုးစုံသုံးကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် နေရသည်။
”စစ်တပ်က လေကြောင်းနဲ့ရော လက်နက်ကြီးပစ်ကူနဲ့ပါ အသည်းအသန် ခုခံနေရတယ်။ လမ်းသစ်ရော လမ်းဟောင်းရော တိုက်ပွဲဖြစ်နေတယ်။ ပဇီဘက်မှာဆို အလောင်းတောင်မကောက်နိုင်ဘဲ စစ်တပ် ဘက်ကအထိနာတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ပဇီရွာအနီးဖြစ်ပွားသော တိုက်ပွဲတွင် စစ်တပ်ဘက်မှတပ်ဖွဲ့ဝင်များ သည် တပ်ပျက်ကာ အလောင်းများပင် ကောက်ယူနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျား ထွက်ပြေးခဲ့ရပြီး နတ်ရေကန်စခန်းအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများကိုလည်း AA က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများကို အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ – ၉၀၅) မှနေ၍ လက်နက်ကြီးပစ်ကူများ ဆက်တိုက်ပေးနေရသလို အသေခံဒရုန်းများဖြင့်ပါ တိုက်ခိုက်နေရကြောင်း သိရသည်။
စစ်တပ်ဘက်မှ စစ်ကူနှင့် ရိက္ခာ၊ ခဲယမ်းများကို လေကြောင်းနှင့် မြေပြင်မှ ဆက်တိုက်ပို့ဆောင် နေသော်လည်း အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် တပ်သားသစ်များမှာလည်း အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှ သိရသည်။
ပုံစာ-အာရက္ခတပ်ဖွဲ့ဝင်များ (ပုံဟောင်း)