မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ်အချို့ပျက်စီး

ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ စက်တင်ဘာ ၁၂ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အခြေစိုက်ထားသော နယ်မြေခံ၂၇၄ တပ်ကုန်းမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်အချို့ပျက်စီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

မင်းတပ်မြို့နယ်၊ နေရာအနှံ့မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်စီတပ်နှင့် CDF-Mindatတို့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ဘေးရှောင်ပြည်သူများနှင့် ကျေးရွာပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆိုသည်။

“စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်ကပေါ့နော်၊ မင်းတပ်မြို့မှာ အခြေစိုက်ထားတဲ့ ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်တယ်ပေါ့နော်၊ အဲ့လက်နက်ကြီးက မင်းတပ်မြို့နယ်၊ ကျေးရွာတရွာထဲမှာ ကျရောက်ပေါက် ခဲ့ပါတယ်၊ အဲ့ဒီပေါက်ကွဲမှုကြောင့် ကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တစ်ချို့ ပျက်စီးသွားပါတယ်၊ ကျေးရွာပြည်သူလူထုတော့

ထိခိုက်မှုမရှိပါဘူး၊ လက်ရှိမှာတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု မင်းတပ်မြို့နယ်၊ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို‌ ပြောကြားသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမှုကြောင့် မင်းတပ်မြို့နယ်၊ နေရာတစ်ချို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်လာနိုင်ကြောင်း သိရသည်။

မင်းတပ်မြို့နယ်၊ မယ်လယ်ကုန်းတွင် စက်တင်ဘာလ ၉ ရက်နေ့က CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းCDF-Mindat(သတင်းနှင့်ပြန်ကြားရေးဌာန)က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Hkl

#Ayeyarwaddy_Times