ဧရာဝတီတိုင်းတွင် ၆ လ အတွင်း ရိုဟင်ဂျာ ၅၀၀ နီးပါး ဖမ်းဆီးခံရပြီး ၁၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရ

မင်းခ/ဧရာဝတီတိုင်းမ်

(ဧရာဝတီ)၊ စက်တင်ဘာလ ၁၂ ရက်

ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၅၀၀ နီးပါး ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ ၁၀၉ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းတို့အား ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များတွင်အသီးသီးဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

” ဧရာ၀တီတိုင်းမှာ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ်ဘက်က တစ်ဆင့်၀င်လာကြတာ အများဆုံးကတော့ ပုသိမ်မြို့နယ်ချောင်းသာငွေဆောင် ရွှေသောင်ယံဘက်တွေက အ၀င်များတယ်။ ဒီ ၃ လမှာဆိုရင် လိုက်ဖမ်းလို့ ကားပေါ်ကပြုတ်ကျပြီးသေဆုံးတာနဲ့ ပင်လယ်မှာ မုန်တိုင်းမိ အစာရေစာငတ်ပြတ်ပြီး သေလာတာတွေပါတွေ့လာရတယ်။ အရင်ကလဲ

၀င်လို့ဖမ်းမိတာတွေရှိတယ်။ ခုလောက် မဆိုးဘူး။ အဓိကကတော့လူပွဲစားတွေက ရန်ကုန်ကနေတစ်ဆင့်မလေးရှားနိုင်ငံကိုပို့ပေးတာလို့သိရတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ်၊ ဘိုကလေးမြို့နယ်များတွင် ပင်လယ်ရေကြောင်းလမ်းမှ တဆင့် ဝင်ရောက်လာစဥ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရေကြည်၊ ဝါးခယ်မနှင့် ကြံခင်းမြို့နယ်များတွင်မူ ကားများဖြင့် ဧရာဝတီတိုင်းအတွင်းမှ ထွက်ခွာရန်ကြိုးစားစဥ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယခင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်တွင်လည်း ဧရာဝတီတိုင်းအတွင်း အထောက်အထားမဲ့ရိုဟင်ဂျာလူမျိုးများ နှစ်စဥ်ဖမ်းမိလေ့ရှိပြီး ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသော်လည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင်မူ ဖမ်းဆီးခံရသူ ၅၀၀ နီးပါးအနက်မှ ၁၀၉ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း သိရသည်။

” NLD အစိုးရလက်ထက်တုန်းကဆိုလည်း ဧရာဝတီတိုင်းမှ တစ်လကို ရာနဲ့ချီတဲ့အထိ ဖမ်းမိခဲ့တာတွေရှိခဲ့တယ်။ ကိုဗစ်ကာလတုန်းကဆို အစိုးရကအကုန်အကျခံပြီး ကိုဗစ်စစ်ပေး ကွာရန်တင်းသဘောမျိုးထားပေးတာတွေအထိရှိခဲ့တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုမဟုတ်တော့ဘူး။ သူတို့အပေါ် ဘယ်လိုတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရလဲ

မသိရတော့ဘူး။ ဟိုတလောက ရေနံသာဂိတ်မှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅၀ ကျော်နဲ့ ဝါးခယ်မ က ၅၀ ကျော်ကိုကို ထောင်ဒဏ် ၂ နှစ်စီချမှတ်လိုက်တယ်။ ​မြန်မာပြည်က ရိုဟင်ဂျာအရေးကို ကမ္ဘာက စောင့်ကြည့်နေချိန်မှာ ဒီလိုမျိုး ထောင်ဒဏ်ချမှတ်တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းအခြေစိုက်

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်ခေါင်းဆောင် ခြောက်ဦးကိုလည်း ၂၀၁၇ခုနှစ် သြဂုတ်လက ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများအဖြစ် မြန်မာရိုဟင်ဂျာအသင်းက အာဂျင်တီးနားတရားရုံး၌ အမည်စာရင်တင်သွင်းထားပြီး ယနေ့အချိန်အထိ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားလိုပြုတရားစွဲဆိုထားမှုမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က တင်သွင်းခဲ့တဲ့ ကန့်ကွက်ချက် လေးချက်စလုံးကို ဂျူလိုင်လ ၂၂ရက်နေ့မှာ တရားသူကြီးတွေက ပယ်ချခဲ့ပြီး အမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ထားကြောင်း

သိရသည်။

အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု မတ်လအတွင်းက တရားဝင်ကြေငြာထားသည်။

#ဧရာဝတီတိုင်း #ရိုဟင်ဂျာ #ဖမ်းဆီးခံရ #ထောင်ဒဏ်ချမှတ်

#Ayeyarwaddy_Times