အမရာမွန်/ဧရာ၀တီတိုင်းမ်
မေ ၂ ရက်

“သူတို့တွေရှိဦးမယ်ဆိုရင် အသက်ကြီးသွားပြီ။ ကျွန်တော့်တူလေး၊ တူမလေးတွေ ခုချိန်ဆို အရွယ်ရောက်နေပြီ။ ဟုတ်တယ်… နာဂစ်က ၁၈ နှစ်ရှိသွားပြီ” ဟု ဦးမင်းသူက ဆိုလိုက်သည်။

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ဦးမင်းသူကဲ့သို့ နာဂစ်မုန်တိုင်းတိုက် ခတ်မှုကြောင့် မိသားစု၊ ဆွေမျိုး အများအပြားဆုံးရှုံးသွားရသူများက ယခုလိုနေ့မျိုးဆိုလျှင်ပြန်လည် အောက်မေ့လွမ်းဆွတ် နေကြမည်ဖြစ်သည်။

ယနေ့ ၂၀၂၆ ခုနှစ် မေလ ၂ ရက်နေ့သည် လူပေါင်း ၁၃၈,၀၀၀ ကျော်၏ အသက်ကို ယူဆောင်သွားခဲ့သော နာဂစ် မုန်တိုင်းတိုက်ခတ်မှု ၁၈ နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ၁၈ နှစ်ဆိုသည့် ကိန်းဂဏန်းသည် လူတစ်ယောက်အတွက် အရွယ်ရောက်ပြီဟု ဆိုနိုင်သော်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသခံများ အဖို့မူ နာဂစ်၏ အနိဋ္ဌာရုံများကို ၁၈ နှစ်ကြာသည့်တိုင် ကြံ့ကြံ့ခံရင်ဆိုင်နေရဆဲဖြစ်သည်။

“ရွာလုံးကျွတ်ပါတာ။ ကျွန်တော့် ညီအစ်ကိုတစ်ဝမ်းကွဲ တစ်မိသားစုလုံး ပါသွားတယ်။ သောင်ကလေး ရွာဘက်မှာ။ အခြားအစ်ကိုဆို အမျိုးသမီးနဲ့ ကလေးတွေ ဆုံးသွားတယ်။ ဒဏ်မခံနိုင်လို့ ဆုံးသွားတာ။ အမျိုးသားတွေကျတော့ အပူလောင်သလို၊ မီးလောင်သလို ကျောပြင်တွေ၊ လက်မောင်းတွေမှာ မိုးစက် ကြောင့် အရေပြားတွေကွာကုန်တာ။ နာဂစ်ကို ခံစားလိုက်ရတဲ့ လူတွေအများကြီးပဲ” ဟု ဦးမင်းသူက သတိရဝမ်းနည်းစွာ ဆိုသည်။

မုန်တိုင်းဝင်ပြီး နောက်တစ်ရက်ရောက်မှသာ ပုသိမ်မြို့အောက်ဘက်နေရာဒေသ၊ လပွတ္တာ၊ ဘိုကလေး မြစ်ဝကျွန်း ပေါ်ဒေသများအပါအဝင် ရန်ကုန်တိုင်းတွင် နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု၊ လူပေါင်းများစွာ သေဆုံးမှုသတင်းကို သတင်းကို ကြားသိခဲ့ရသည်။

“မုန်တိုင်းကြေညာတာ သိလိုက်တယ်။ အဲဒီတုန်းက ပုံမှန်အတိုင်းပဲထင်တာ။ ပုသိမ်မှာလည်း ဒီအတိုင်းပဲ အဲဒီညမှာ ဝင်တာ။ အောက်ဘက်လပွတ္တာမှာတော့ မနက် ၁၀ နာရီလောက်မှာ စဖြစ်တယ်။ လေ လာတယ်။ တောက်လျှောက်ရေ တက်လာတယ်။ အဲဒီနေ့တစ်ညလုံး၊ ပုသိမ်အနေအထားက အဲဒီလောက် မခံစားရဘူး။ ပုသိမ်မှာဒီရေတောင်သိပ်မတက်ဘူး။ ပုသိမ်မှာ ထူးထူးခြားခြားမဖြစ်ဘူး။ မုန်တိုင်းဝင်သွား တယ်ဆိုတာ သိရုံလောက်ပဲ” ဟု ဦးမင်းသူက ပြန်ပြောင်းပြောကြားသည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်းသည် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့ကို အဓိကရိုက်ခတ်ခဲ့ပြီး ၁၆ ပေအထိ မြင့်မားသော ဒီလှိုင်းများကြောင့် မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာများစွာ မြေပုံပေါ်မှ ပျောက်ကွယ်ခဲ့ပြီး အချို့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

နာဂစ်တွင် နအဖစစ်အစိုးရ၏ သတင်းအမှောင်ချမှု၊ နိုင်ငံတကာအကူအညီများကို ပိတ်ပင်မှုနှင့် စီမံခန့်ခွဲ မှုအမှားများကြောင့် သေဆုံးမှု ပိုမိုများပြားခဲ့ရသည်။ ထိုသို့ လူပေါင်းသိန်းနှင့်ချီ သေဆုံးခဲ့သော်လည်း စစ်အစိုးရသည် ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ရန်အတွက် မေလ ၁၀ ရက်နေ့ပြည်သူ့ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းခြင်းမရှိဘဲ အတည်ပြု ကျင်းပခဲ့သည်။ ထို့ကြောင့် အဆိုပါ ၂၀၀၈ ခြေဥ ကို “နာဂစ် ခြေဥ” ဟုပင် ကဲ့ရဲ့ခေါ်ဝေါ်ခဲ့ကြသည်။

ယခု ၂၀၂၆ ခုနှစ်တွင် သတင်းအချက်အလက် နည်းပညာကြောင့် ပြည်သူများ အသိပညာရှိ လာသော်လည်း အာဏာလုစစ်အုပ်စု၏ လက်အောက်တွင် သဘာဝဘေးထက် ကြောက်စရာကောင်း သော “လူလုပ်ဘေး” များနှင့် ရင်ဆိုင်နေရပြန်သည်။

ယနေ့ခေတ် ၂၀၂၆ ခုနှစ် သတင်းအချက်အလက်နည်းပညာခေတ်တွင် မိုးလေဝသ၊ သဘာဝဘေး အန္တရာယ်၊ ရာသီဥတုပြောင်းခဲမှုသတင်းအချက်အလက်များကို မြို့နယ်ကျေးရွာများမှ အများပြည်သူများ လက်လှမ်းမီ နေပြီဖြစ်သည်။

“လူတွေက သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ တော်တော်များများ အသိပညာနားလည်မှု ရှိနေပြီ။ ဒါပေမဲ့ မုန်တိုင်းတစ်ခုခု ဝင်ရောက်မည်ဆိုလျှင် မုန်တိုင်းသတင်း ကြားသိရသော်လည်း မုန်တိုင်း ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုမှာ ယနေ့အချိန်အထိ အားနည်းလျက်ရှိနေသေးတယ်” ဟု နာဂစ် မုန်တိုင်း ပြန်လည်တည်ထောင်ရေး လုပ်ငန်းဆောင်ရွက်သူ မြန်မာသုတေသီတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ နှစ်စဉ်မုန်တိုင်းဝင်ရောက်လေ့ရှိပြီး ယခုမေလလယ်တွင် မိုးကာလသို့ရောက်ရှိပြီဖြစ် သော်လည်း ယခုချိန်တွင် နာဂစ်ကဲ့သို့ မုန်တိုင်းဝင်ရောက်လျှင် (သို့မဟုတ်) မုန်တိုင်းတစ်ခုခု ဝင်ရောက်မည်ဆိုလျှင် မုန်တိုင်းကာကွယ်ရေးကြိုတင်ပြင်ဆင်မှုမှာ ယနေ့ချိန်အားနည်း လျက်ရှိသည်။

“နယ်အောက်ဘက်မှာ လူကြီးပိုင်းတွေမှာ နာဂစ်လို ပြန်ဖြစ်လာမယ်ဆိုရင် ပြန်ခံရဖို့ရှိတယ်။ လူတွေရဲ့နေထိုင်မှုက ဖွံ့ဖြိုးတယ်ဆိုပေမယ့် (မုန်တိုင်းလာရင်) အတားအဆီး၊ အကာအကွယ်၊ အရှောင်အတိန်း အနေအထား အဲဒီလောက်မရှိဘူး။ ဒီတိုင်းပဲ ထပ်ဖြစ်ရင် ထပ်သေကြဖို့ပဲများတယ်” ဟု ဦးမင်းသူက သုံးသပ်သည်။

နာဂစ်အပြီးတွင် မုန်တိုင်းခိုလှုံရာ အဆောက်အအုံ (Cyclone Shelter) များကို ဆောက်လုပ်ခဲ့၍ Shelter များရှိနေသော်လည်း ယခုအခါ ထိန်းသိမ်းမှုမရှိသဖြင့် ခိုလှုံရန် သင့်တော်ခြင်းမရှိတော့ပေ။

“Shelter တွေကို အမီပြုလို့မရဘူး။ နာဂစ်လိုဖြစ်ရင် ရှောင်တိမ်းလို့မရသေးဘူး။ တောင့်တင်းခိုင်မာအောင် လုပ်ထားတဲ့ အနေအထားလည်း မရှိတော့ဘူး” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူ ဦးမင်းသူက ဆိုသည်။

နာဂစ်အပြီးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများစွာဖြင့် ကဏ္ဍစုံထောက်ပံ့ရေးလုပ်ခဲ့ကြသည်။ အခြေခံ အဆောက်အဦ၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းများပါဝင်သည်။ ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်းသို့ တံတားထိုးလိုက်သည်။ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအား ကောင်းလာသည်။ NLD အရပ်သား အစိုးရလက်ထပ်အထိ Recovery လုပ်ငန်းများ ဆောင်ရွက် ပေးသည်ဟု မြန်မာသုတေသီတစ်ဦးက ဆိုသည်။

“အာဏာမသိမ်းခင်အထိ အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုနဲ့အတူ လူမှုစီးပွားဘ၀တွေကို အထောက် အကူပြုနိုင်တယ်။ အာဏာသိမ်းပြီးတော့ ရှိပြီးသားလုပ်ငန်းတွေ အားလုံးပြုပြင်တာမရှိတော့ဘူး။ ဆက်ပြီးမလုပ်နိုင်ဘူး၊ ရပ်သွားတယ်” ဟု ၎င်းက သုံးသပ်သည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှိပြီးသားလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းမှု မရှိ တော့ခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် ကယ်ဆယ်ရေးလုပ်နိုင်သည့် လူငယ်ထု တိမ်းရှောင်နေရခြင်းနှင့် အာဏာသိမ်းစစ်အုပ်စု၏ အင်တာနက်၊ ဖုန်းလိုင်း ဖြတ်တောက်မှုများသည် ပြည်သူများအတွက် အသက်အန္တရာယ်ဖြစ်စေသည့် အတားအဆီးများ ဖြစ်နေသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော နအဖ စစ်အစိုး ရလက် ထပ်ဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်သည်လည်း အာဏာရှင် ဦးမင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်ထားသည့် ကာလပင်ဖြစ်သည်။

စစ်အုပ်စုအာဏာသိမ်းထားသည့် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်နေ့တွင်ဆိုက်ကလုန်း မိုခါမုန်တိုင်း ဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်က မိုခါမုန်တိုင်းသည် ရခိုင်ပြည်နယ်ရှိ မြို့အများအပြား ထိခိုက်ပျက်စီးစေခဲ့ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ အထိ ဖြတ်သန်း တိုက်ခတ်ခဲ့သည်။

အာဏာသိမ်း စစ်အုပ်စုသည် မုန်တိုင်းတိုက်ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များထံသို့ သွားရောက်ကူညီမည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်များကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာမှ လှူဒါန်းသော ပစ္စည်းများကို ၎င်းတို့ထံမှတစ်ဆင့် ပေးပို့ရန် ကန့်သတ်ခဲ့ပြီး သေဆုံးမှုများပြားခဲ့သည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ လုံလောက်သည့် အကူအညီများ ပေးခဲ့ခြင်းမရှိပေ။

ယခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ၁၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၆ ကြိမ်မှာ မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း သတိပေးထားသော်လည်း စစ်အုပ်စု၏ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက် မှုများသည် ပြည်သူများအတွက် အသက်အန္တရာယ်ဖြစ်စေသည့် အတားအဆီးများ ဖြစ်နေသည်။

“ဒီအချိန် နာဂစ်လိုပဲဖြစ်ဖြစ် ဘယ်လိုမုန်တိုင်းပဲဝင်ဝင် တကယ့်တကယ် ဖြစ်လာရင်တော့ ကိုယ့်ဘာသာကိုယ် အားကိုးရမယ်။ တာဝန်ရှိသူတွေက သတင်းပေး၊ အကြံပေးရုံပဲ ရမယ်။ ၁၈ နှစ်ရှိသွားပြီ နာဂစ်သမိုင်းက… မြင်ယောင်မိတယ်။ စိတ်လည်းမကောင်းဘူး” ဟု ဦးမင်းသူက သူ၏ ပြောကြားမှုများကို နာကျင်စွာဖြင့် အဆုံးသတ်လိုက်သည်။