ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မေ ၂ ရက်
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲဒေသတွင် ဖြစ်ပွားခဲ့သည့် ရဲဘော်ကိုးဦးသေဆုံးသည့် ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်စေရန်နှင့် တရားမျှတမှုဖော်ဆောင်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဌာနနှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တို့က ထုတ်ပြန်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့က ကရင်နီတပ်ပေါင်းစုံကိုယ်စားလှယ် ကိုး ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အခြေခံ၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လိုအပ်သည့်အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အရပ်သားပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုရှိစေရေးအတွက် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့က မိုးဗြဲဒေသတစ်နေရယတွင် ကိုအောင်မင်းခေါင်းဆောင်သည့် မိုးဗြဲ Local PDFတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁)Alpha စစ်ဒေသမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး Mobye Local PDFမှ ခေါင်းဆောင်ကိုအောင်မင်းအပါအဝင် တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပစ်ခတ်မှုဖြစ်စဉ်အပေါ် IECနှင့် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးနေပြီး ကိုအောင်မင်းသေဆုံးပြီးနောက် Mobye Local PDFအဖွဲ့ကို လက်နက်ဖြုတ်သိမ်းခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။