ဧရာဝတီတိုင်းမ်
မေ ၂ ရက်

အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို အာမခံပေး၍ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေးဆိုင်ရာ မူဝါဒအား ချမှတ်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ယမန်နေ့ မေ ၁ ရက် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)၌ အလုပ်သမားထုသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထိုကဲ့သို့ ထည့်သွင်း၍ ခိုင်မာသော ကတိကဝတ်များကိုလည်း လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်‌ဆိုသည်။

ထို့အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို စနစ်တကျ မှတ်တမ်းတင်ကာ နိုင်ငံတကာတရားမျှတမှု စနစ်များမှတစ်ဆင့် တာဝန်ခံမှုရရှိရန် ကြိုးပမ်းနေပြီး နိုင်ငံတကာအနေဖြင့် ယင်းအပေါ် ဆက်လက်အာရုံစိုက်သင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

“ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုသလို တာဝန်ခံမှုနဲ့ တရားမျှတမှု အာမခံနိုင်ရေးအတွက် ILO က အကြမ်းဖက်စစ်တပ်ကို Article 33 အရ အရေးယူထားတဲ့ ယန္တရားအား အသုံးချပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုအပ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမား အခွင့်အရေးများသာမက လူ့အခွင့်အရေးများနှင့် လူသားလုံခြုံရေးတို့ ပြင်းထန်စွာ ချိုးဖောက်ခံနေရပြီး ယင်းအခက်အခဲများကြား အလုပ်သမားထုသည် တော်လှန်ရေး၏ အဓိကမဏ္ဍိုင်အဖြစ် မားမားမတ်မတ် ရပ်တည်နေကြောင်း သိရသည်။

ထို့အပြင် ပြည်သူအများစုသည် ပြည်တွင်းအကျပ်အတည်းများကြောင့် နေအိမ်များ စွန့်ခွာ၍ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခိုလှုံနေရပြီး အများစုမှာ တရားဝင် အလုပ်အကိုင်မရရှိဘဲ ကြုံရာအလုပ်များအား လုပ်ကိုင်ရကာ အသက်ရှင်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရကြောင်း သိရသည်။

ယင်းသို့ ပြည်သူနှင့် အလုပ်သမားထုများ ခံစားနေရသော ဒုက္ခအပေါင်း အဆုံးသတ်ရန်နှင့် နောင်မျိုးဆက်အတွက် ရေရှည်ငြိမ်းချမ်း တည်ငြိမ်တိုးတက်သည့် လူမှုပတ်ဝန်းကျင်အား ဖန်တီးနိုင်စေရန် အရေးကြီးဆုံးအလုပ်ဖြစ်သော စစ်အုပ်စုကို နိုင်ငံရေးမှ ဖယ်ရှားရေး၊ တော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း NUG က ထုတ်ပြန်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်