ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ မေ ၁ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်ဒေသရှိ ခေါ်ပွီရှစ်ကျေးရွာကို ယနေ့ မေ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ငါး ဦး အပါအဝင် ဒေသခံ ခြောက် ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်အုပ်စုသည် ယနေ့ မွန်းလွဲ ၃ နာရီကျော်က ခေါ်ပွီရှစ်ကျေးရွာရှိ ကလေးငယ်များ ဆော့ကစားနေသော ဘော်လီဘောကွင်းကို တည့်တည့်ချိန်ရွယ်၍ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကလေးတွေ ဆော့ကစားနေတဲ့ ဘောလုံးကွင်းတည့်တည့်ကျတာပေါ့။ ကလေးတွေ အများစုက ဘော်လီ ဘောကစားကွင်းမှာ ကစားနေကြတာဆိုတော့ ထိခိုက်မှုက တော်တော်များတယ်” ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ – ဟွာလ်ငိုးရမ်တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်မပြည့်သေးသည့် ကလေးငယ် ငါး ဦးနှင့် ဒေသခံအရပ်သား တစ် ဦး စုစုပေါင်း ခြောက် ဦး သေဆုံးခဲ့ပြီး ဒေသခံအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၅ လုံးခန့်လည်း ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ခေါ်ပွီရှစ်ကျေးရွာသည် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းမရှိသလို ကျေးရွာအနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

 

စစ်အုပ်စုသည် ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ယခင်ထက် ပိုမိုပြုလုပ်လာကြောင်း သိရသည်။

 

ဓာတ်ပုံ – CJ
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ခေါ်ပွီရှစ်ရွာ၏ လူနေအိမ်များ။