ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် (၁၃၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) တွင် ဖိနှိပ်မှုများအောက်၌ အညံ့မခံဘဲ တွန်းလှန်နေသည့် မြန်မာနိုင်ငံရှိ အလုပ်သမားထုနှင့်အတူ ခိုင်မာစွာ ရပ်တည်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားနှင့် လယ်သမားများသည် အဆမတန် မြင့်တက်လာသည့် ကုန်ဈေးနှုန်းနှင့် လုံလောက်ခြင်းမရှိသည့် လုပ်ခလစာများကြောင့် ကြီးမားသော စီးပွားရေးအကျပ် အတည်းကို ရင်ဆိုင်နေရကြောင်း GSCB က ထောက်ပြထားသည်။
ကျေးလက်ဒေသများတွင်လည်း အတင်းအကျပ် နေရာဖယ်ရှားခံရခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေ မှုများနှင့် အသက်မွေးဝမ်းကျောင်းမှုများ ပျက်စီးနေရသည့်အပြင်၊ အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းများ ကြောင့် ကလေးအလုပ်သမားနှင့် လူကုန်ကူးမှုပြဿနာများ ပိုမိုဆိုးရွားလာနေသည်ဟု ဆိုသည်။

“မေဒေးသည် ရိုးရှင်းသော အမှန်တရားတစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒါကတော့ အလုပ်ခွင်တွင် ဂုဏ်သိက္ခာသည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ သို့သော် ယနေ့တွင် မြန်မာနိုင်ငံမှာတော့ ထိုဂုဏ်သိက္ခာကို ခြိမ်းခြောက်ခံနေရပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ဖိနှိပ်မှု၊ အကြမ်း ဖက်မှုနှင့် မိမိတို့ရဲ့ အခြေခံအကျဆုံး အခွင့်အရေးများကို ငြင်းပယ်ခံရခြင်းနှင့် ရင်ဆိုင်နေရပါတယ်” ဟု မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)ဥက္ကဌ ဒေါ်ခိုင်ဇာအောင်က မိန့်ခွန်းပြောဆိုခဲ့သည်။
GSCB ၏ မေဒေးနေ့ကြေညာချက်တွင် အခြေခံအလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိရေး၊ အလုပ်သမားထုအပေါ် အကြမ်းဖက်ဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို နိုင်ငံတကာမှ ထိရောက်စွာ တာဝန်ခံခိုင်းရေး ကတိကဝတ်တို့ကို တောင်းဆို ထားသည်။
ထို့ပြင် ရွေးတုအစိုးရ၏ အကြမ်းဖက်စနစ်ကို ပံ့ပိုးနေသည့် စီးပွားရေးကွင်းဆက်များကို ဖြတ်တောက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းထားပြီး၊ ဒီမိုကရေစီနှင့် တရားမျှတမှု ရရှိသည်အထိ အလုပ်သမား၊ လယ်သမားများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက် ကြေညာထားသည်။