ဧရာဝတီတိုင်းမ်
မေ ၁ ရက်

 

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ အထပ်သားပြားစက်ရုံတစ်ခုတွင် လုပ်ငန်းခွင်မတော်တဆမှုဖြင့် သေဆုံး ခဲ့သည့် မြန်မာအလုပ်သမား မောင်ဟိန်းထက်အောင်အတွက် ကိုးလကျော်ကြာ တရားရင်ဆိုင် ခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် နစ်နာကြေးအဖြစ် ဘတ် ရှစ်သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

 

အသက် ၂၆ နှစ်အရွယ် မောင်ဟိန်းထက်အောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုပ်ချိန် အတွင်း စက်ညှပ်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

အမှုစတင်ချိန်မှစ၍ ကိုးလကျော်ကြာအထိ သေဆုံးသူ၏မိခင်နှင့်အတူ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (MHAC) တို့က အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ထိုင်းနိုင်ငံ လူမှုဖူလုံရေးရုံး (ပကန်ဆန်ခုန်) မှ နစ်နာကြေးအဖြစ် စုစုပေါင်းဘတ်ငွေ ၈၀၉,၀၀၀ ကို ရရှိခဲ့ခြင်းဖြစ်သည်။

“သူ့သားက လွန်ခဲ့တဲ့ ကိုးလက သေသွားတာ။ ဘာမှနစ်နာကြေးတွေ ရမနေတဲ့ အနေအထားမှာ ကိုရဲမင်းတို့ လုပ်ပေးလိုက်တာ ဘတ် ရှစ်သိန်းကျော် ရသွားတယ်။ အမှုရုံးချိန်းတွေ အကြိမ်ကြိမ် သွားရ သလို ကိုရဲမင်းတို့ ရုံးအဖွဲ့တွေလည်း အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်” ဟု အေအေစီရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရရှိသည့် နစ်နာကြေးများကို သေဆုံးသူ၏မိခင်ကိုယ်တိုင် လက်ခံရယူခဲ့ပြီး အလုပ်ရှင်ထံမှ ဂရုဏာကြေးအဖြစ် ဘတ်ငွေ ၁ သန်း ထပ်မံရရှိရန် ဆက်လက်ကြိုးစားနေကြောင်း သိရသည်။

 

“အဓိကက အလုပ်ရုံဘက်က စနစ်တကျ လိုက်လုပ်မပေးလို့ ရသင့်ရထိုက်တာတွေ ကြန့်ကြာနေတာ။ ကောင်လေးက ပကန်စံခွန်ရှိတာဆိုတော့ အဲ့ဒီကနေ လူမှုဖူလုံရေးရအောင် ဘက်ပေါင်းစုံက တောင်းပေး ခဲ့တာပါ။အဲ့ဒီအဆင့်တွေနားမလည်ရင် မလုပ်တက်လို့ မရတဲ့သူတွေအများကြီးရှိတယ်” ဟု အေအေစီရဲမင်းက ဆက်လက်ပြောဆိုသည်။

 

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ စက်ရုံတစ်ခုတွင် မြန်မာလုပ်သား ၄၇၂ ဦး အလုပ်ထုတ်ခံခဲ့ရမှုကို MHAC က ကူညီဆောင်ရွက်ပေးခဲ့ရာ ရက်ပိုင်းအတွင်း ဘတ် ၈ သန်းကျော် နစ်နာကြေး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – အေအေစီရဲမင်း