ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စုရှိ စေတီတစ်ဆူသည် လေပြင်းတိုက်ခတ်မှုကြောင့် တိမ်းစောင်းပြိုပျက်သွားကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၃၀ (ကဆုန်လပြည့်)ရက်နေ့တွင် ပုသိမ်ခရိုင်အတွင်း မိုးရွာသွန်းမှုမရှိဘဲ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် နွာဦးတိုကျောင်းရှိ မိုးမခေရွှစည်းခုံစေတီတော်၏ အုတ်ခုံရိုးပါမကျန် တိမ်းစောင်းကာ ပြိုကျသွားခြင်းဖြစ်သည်။
“ဘုရား တရားမသိလို့မဟုတ်ပါဘူး။ လူတွေက အကုန်ဒုက္ခရောက်နေကြတာ။ စစ်ဘေးရှောင်တွေဆိုလည်း မြို့ပေါ်တွေပြေးလာရပြီး နေစရာ ထိုင်စရာမရှိ စားစရာမရှိနဲ့ အကုန်ကျပ်တည်းကြတယ်။ အဲဒါတွေကိုကူညီဖို့ တစ်စက်မှအသံမထွက်ခဲ့ဘဲ ဘုရားပြင်ဖို့ ချက်ချင်းထအလှူခံနေတယ်”ကျုံပျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိမ်းစောင်းပြိုလဲသွားသည့် စေတီတော်သည် နွားဦးတိုက်ဆရာတော်နှင့် သရုပ်ဆောင်ထူးခန့်ကျော်တို့ ဦးဆောင်ထီးတော်တင်ထားသည့် စေတီဖြစ်ပြီး စေတီပြိုလဲပြီးနောက် နွာဦးတိုက်ဆရာတော်က အလှူခံမှုများပြုလုပ်လာသည်။
စေတီပြုပြင်ရန်ဟုဆိုကာ နွာဦးတိုက်ဆရာတော်က လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုပြီး အလှူခံမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် လေးမြို့နယ်ထက်မနည်းတွင် တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများစစ်ဘေးရှောင်နေရကာ စစ်မှုထမ်းကြေးမတရားသဖြင့်ကောက်ခံမှု၊ စားအုန်းဆီနှင့် စက်သုံးဆီစျေးနှုန်းမြင့်တက်မှု စပါးစျေးကျပြီး ပြန်လည်ဝယ်ယူရသည့် ဆန်စျေးမြင့်တက်မှုတို့ကြောင့် ဆင်းရဲကျပ်တည်းနေကြသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်မြို့တွင်လည်း သစ်ပင်များလဲကျခြင်း၊ လျှပ်စစ်ဓါတ်တိုင်များကျိုးကျ ပျက်စီးခြင်းနှင့် အဆောက်အဦတချို့ ထိခိုက်ပျက်စီးမှုတို့ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ပုသိမ် သတင်းအထူးတပ်ဖွဲ့
ပုံစာ- ပြိုလဲသွားသည့် နွားဦးတိုက်ကျောင်း မိုးမခရွှေစည်းခုံစေတီ