ဧရာဝတီတိုင်းမ်
မေ ၁ ရက်
အရှေ့အလယ်ပိုင်းပဋိက္ခများကြောင့်ဖြစ်ပေါ်လာသော ပြည်တွင်းစက်သုံးဆီဈေးမြှင့်မှု၌ ရွေးတုအစိုးရသတ်မှတ်ပေးသည့် စက်သုံးဆီဈေးနှုန်းကျလာသော်လည်း ပြင်ပဈေးကွက်တွင်ဈေးအမြင့်ဖြင့်ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိသည်။
ယနေ့ မေ ၁ ရက်နေ့တွင် စက်သုံးဆီဈေးများမှာ ၉၂ တစ်လီတာလျှင် ၄၅၁၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၄၆၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၄၅၅ ကျပ် နှင့် ဒီဇယ် တစ်လီတာလျှင် ၅၂၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခင်စက်သုံးဆီတစ်လီတာဈေးနှုန်းသည် ၉၂ – ၄၆၆၈ ကျပ်၊ ၉၅ – ၄၉၀၉ ကျပ်၊ ပရီမီယံဒီဇယ် ၇၀၁၂ ကျပ်နှင့် ဒီဇယ် ၅၇၅၂ ကျပ်ဖြစ်သည်။
စက်သုံးဆီပြင်ပပေါက်ဈေးတွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်ကြားရှိကြောင်း ရန်ကုန်မြို့ရှိ ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးက ပြောကြားသည်။
”ဆီဆိုင်ဈေးတွေကျလည်း ဆိုင်မှာဝယ်မရတော့ အပြင်မှာပဲဝယ်ရတယ်။ အပြင်ပေါက်ဈေးက လုံးဝမကျသေးဘူး။ တစ်လီတာ ကျပ် ၁၂၀၀၀ ပဲ။ ကိုယ့်အချင်းချင်းဆို ၁၀၀၀၀ နဲ့ရတယ်။ ဈေးမကျတော့ ဘာမှမထူးဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိစက်သုံးဆီရောင်းချမှုစနစ်တွင် လိုင်စင်ရှိ မော်တော်ယာဉ်များအတွက်အဆင်ပြေသော်လည်း လိုင်စင်မပေးသည့် ဆိုင်ကယ်ကယ်ရီများအတွက် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။
ထို့ပြင် စက်သုံးဝယ်ယူရေးအခက်အခဲအပါအဝင် စုံ/ မ စနစ်ကန့်သတ်ထားမှုကြောင့် ပုဂ္ဂိုလိက အသုံးရေးနှင့် လုပ်ငန်းသုံးများအခက်အခဲဖြစ်ကြောင်းသိရသည်။
လက်ရှိလူမှုကွန်ရက်စာမျက်နှာတွင် စုံ/ မ စနစ်ဖျက်သိမ်းပေးရန်ပြည်သူလူထုကတောင်းဆိုလျက်ရှိသည်။
ရွေးတုအစိုးရသည် စက်သုံးရောင်းချမှုကိုတင်းကြပ်ထားပြီး စက်သုံးဆီအရန် ရက်၆၀ စာရှိသေးကြောင်း၊ စိုက်ပျိုးရေးအတွက်စနစ်တကျပေးနေကြောင်း ယနေ့ ထုတ်ပြန်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်