ဧရာဝတီတိုင်းမ်
မေ ၁ ရက်

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော အင်းတော်မြို့ကို ရွေးတုစစ်အစိုးရ၏စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ကသာမြို့ အခြေစိုက် ခမရ-၃၀၉မှ အင်အားရာချီပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၂၁ ရက် နေ့တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကသာ-အင်းတော် လမ်းပိုင်းတစ်လျှောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

၁၀ ရက်ခန့် စစ်ကြောင်းထိုးပြီးနောက် ယမန်နေ့ ဧပြီ ၃၀ ရက် ညနေပိုင်းတွင် အင်းတော်မြို့အတွင်းသို့ ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရွေးတုစစ်အစိုးရ၏ ယနေ့ မေလ ၁ ရက်ထုတ် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်တပ်သည် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့တွင် နဘားလမ်းဆုံသို့ ရောက်ရှိလာကာ နဘားရွာကို သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတော ရွာနှင့် ကူဆိပ်ရွာတို့ကိုပါဆက်လက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့အနီးရှိ ကျေးရွာအချို့တွင် ယမန်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း ညနေပိုင်းတွင် ရွေးတုစစ်တပ်သည် မြို့အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-MOI