ဧရာဝတီတိုင်းမ်
မေ ၁ ရက်

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်ရဲ့ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်ဟာ ယူကရိန်းကို ကူညီထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို အတည်ပြုလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဂ်ဆက်သ်က အောက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာပွဲတစ်ခုတွင် အခုလို ကြေညာခဲ့တာပါ။

လွှတ်တော်အမတ် ဆာရာအဲလ်ဖရက်သ်ရဲ့ မေးခွန်းကို တုံ့ပြန်ရာတွင် ဟက်ဂ်ဆက်သ်က “ဥရောပ ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လျာထားတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ၄၀၀ ကို ဝန်ကြီးဌာနက အသိ အမှတ်ပြုထားပြီး မနေ့ကပဲ အဲဒီရန်ပုံငွေကို ထုတ်ပေးလိုက်ပါပြီ” လို့ ပြောပါတယ်။

အဆိုပါရန်ပုံငွေများ ယူကရိန်းသို့ အမှန်တကယ် မည်သည့်အချိန်တွင် ရောက်ရှိမည်နည်းဟု မေး မြန်းရာမှာ ယူကရိန်းက ရန်ပုံငွေတွေကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတဲ့အပေါ် မူတည်ကြောင်း ၎င်းက ဖြေကြားခဲ့ပါတယ်။

သဘောတူညီထားတဲ့ ရန်ပုံငွေများ ထုတ်ပေးဖို့ ကြန့်ကြာနေမှုအပေါ် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်က ယခင်ကပင် ထုတ်ဖော်ပြောဆိုခဲ့ဖူးကြောင်း အဲလ်ဖရက်သ်က ကြားနာပွဲမှာ ထောက်ပြခဲ့ပါတယ်။

မက်ကောနယ်က ထိုသို့ကြန့်ကြာရခြင်းမှာ အမျိုးသားလုံခြုံရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ အဲလ် ဘရစ်ချ်ကိုလ်ဘီကြောင့်လို့ ပြစ်တင်ခဲ့ပြီး ယူကရိန်းသို့ လက်နက်တင်ပို့မှုများကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက် နောက်ကွယ်မှာ ကိုလ်ဘီ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါဥပဒေအရ အထူးလုံခြုံရေးဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အရ ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ သန်း ၄၀၀ နှင့် ၂၀၂၇ ခုနှစ်တွင် နောက်ထပ် ဒေါ်လာ သန်း ၄၀၀ ကို သတ်မှတ် ပေးထားပြီး ထိုရန်ပုံငွေကို ယူကရိန်းစစ်တပ်အတွက် အမေရိကန်ကုမ္ပဏီများမှ လက်နက်များ ထုတ်လုပ် ရာတွင် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။

ကိုးကား – NV
Ref; Pentagon releases stalled military funds for Kyiv following political pressure