နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁ ရက်

 

ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားသော စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရန် ဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသား ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (KNPBC) တွင် အဓိက တော်လှန်ရေး အင်အားစုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မပါဝင်ကြောင်း အဆိုပါကော်မတီက ဝန်ခံပြောဆိုသည်။

 

KNPBC ကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများနှင့် ဆက်နွယ်မှုကြောင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် စစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းလဲထားသော ကရင်အမျိုးသား တပ်မတော် (KNA) က ဦးဆောင်၍ ယခု ဧပြီလအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

“လောလောဆယ် ဘာကြောင့်မပါဝင် လာသလဲဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်း ကြောင့်လို့ပဲ ယေဘုယျဆန်ဆန် ပြောချင်ပါတယ်။ KNU ကိုယ်စားလှယ်တွေ အခုမပါ‌ဝင်သေးဘူး ဆိုပေမယ့်လည်း အောက်ခြေမှာ တချို့တပ်မှူးတွေ အသိပေး၊ ပြောဆိုတာမျိုး ရှိတယ်” ဟု KNPBC ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် လက်ရှိကာလသည် စစ်ဘောင်ကျယ်၍ တွေ့ဆုံဆွေးနွေးရန် အလွန်နည်းပါးနေသလို ကရင်တပ်ဖွဲ့များ အချင်းချင်းကြားတွင်လည်း ညှိနှိုင်းပြောဆို အခင်းအကျင်းများ ရှားပါးနေသဖြင့် ရှေ့ဆက်ရမည့် အဆင့်များလိုဦးမည်ဟု ၎င်းက ဆက်လက်ဆိုသည်။

 

KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မတီတွင် ရွေးတုအစိုးရနှင့် အပစ်ရပ်၍ ထိတွေ့ဆက်ဆံနေသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တချို့ ပါဝင်သည်။

 

ယင်းဖွဲ့စည်းမှုကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့အပါအဝင် နာယက (၁၅) ဦး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောချစ်သူအပြင် ဒုဥက္ကဋ္ဌများအဖြစ် KNLA-PC ပြောခွင့်ရ ဗိုလ်မှူးချုပ်စောကျော်ညွန့်နှင့် DKBA မှ ဗိုလ်ချုပ်စောဆန်းအောင်အပါအဝင် (၉) ဦး၊ အတွင်းရေးမှူး (၁၃) ဦးနှင့် အလုပ်အမှုဆောင် (၄၀) ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

“စုဖွဲ့မှု စနစ်တကျ ဖြစ်ဖို့အတွက် နောက်ထပ်တွေ့ဆုံ ညှိနှိုင်းမှုတွေလုပ်ဖို့ လိုအပ်တော့ ဒီမေလ အလယ်လောက်မှာ တစ်ခါပြန်ပြီးတော့ အစည်းအဝေးခေါ်ဖို့ လျာထားချက်တွေ ရှိတယ်လို့ ကြားတယ်။ သေချာအတိအကျ မသိရသေးတော့ ဘယ်အဖွဲ့တွေ ပါမပါဆိုတာ ပြောမရသေးဘူး” ဟု KNPBC ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်စောကျော်ညွန့်က ဆိုသည်။

 

ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဦးဆောင်ဖွဲ့စည်းလိုက်သော KNPBC ၏ ရည်မှန်းချက်မှာ အကြမ်းမဖက်ဘဲ တရားမျှတသော နိုင်ငံရေး နည်းလမ်းများဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်၍ ကရင်လူမျိုး တစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းသို့ တက်လှမ်းရန်ဖြစ်ကြောင်း သိရသည်။

 

သို့သော် ကရင်တပ်ဖွဲ့များ၏ မူလမိခင်အဖွဲ့အစည်းဖြစ်သော ရွေးတုအစိုးရနှင့် တိုက်ပွဲပြင်းထန် ဖြစ်ပွားနေသည့် KNU ပါဝင်လာခြင်း မရှိသောကြောင့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရရှိလာလိမ့်မည် မဟုတ်သလို ယခင်အဖွဲ့များအတိုင်း အသုံးချရန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိတိုင် ရွေးတုအစိုးရနှင့် အပစ်ရပ်စာချုပ် (NCA) အကြောင်းပြကာ ထိတွေ့ဆက်ဆံ သွားရောက်ဆွေးနွေးနေသည့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အဖွဲ့ ပါဝင်နေမှုအပေါ် လက်ရှိ KNU ဗဟို၏ သဘောထားကိုမူ ဧရာဝတီတိုင်းမ် က ဆက်လက်မေးမြန်း နေဆဲဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်