ဧရာဝတီတိုင်းမ်
မေ ၂ ရက်
အာဏာသိမ်းပြီး ငါးနှစ်အကြာမှာ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့မယ်လို့ စစ်အုပ်စုက ပြောကြားခဲ့ပြီးနောက် ၎င်းကို ချက်ချင်း ပြန် လွှတ်ပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ဖျက်သိမ်းခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အဆင့်မြင့်သတင်းမြစ်တစ်ခုက ဒေါ် အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိတယ်လို့ AFP သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေက ၎င်းကို နိုင်ငံရေးမှ ဖယ်ထုတ်ရန် လုပ်ကြံဖန်တီးထားခြင်း လို့ဆိုတဲ့ စွဲချက်အများအပြားနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် လူဦးရေ သန်း ၅၀ ခန့်ရှိတဲ့ မြန် မာနိုင်ငံမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး သန်းနဲ့ချီသော ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။
အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ အလွန်အမင်း လူထုထောက်ခံ မှု ရရှိထားဆဲဖြစ်ပေမဲ့ ၎င်း၏ကျန်းမာရေး အခြေအနေမှာ ဆိုးရွားနေကြောင်း မိသားစုက သတိပေးထား ချိန်မှာ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ်မရဘဲ ထိန်းသိမ်းခံရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လည်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေမကောင်းဘူးဆိုတဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေလို့ လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရရှိဖို့ သေချာဆောင်ရွက်ပေးဖို့ စစ်အုပ်စုကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခါကီရောင်ရှပ်အင်္ကျီဝတ်ထားသူတစ်ဦးနဲ့ ရဲယူနီဖောင်းဝတ်ထားသူ တစ်ဦးတို့ကြား ထိုင်နေတဲ့ပုံလို့ ယူဆရသော ဓာတ်ပုံတစ်ပုံကို စစ်အုပ်စုက ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – RTE
Ref; US calls for Suu Kyi’s immediate release as she is moved to house arrest