ဧရာဝတီတိုင်းမှာ တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦး ပြန်လည်တွေ့ရှိ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီတိုင်း)၊ စက်တင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာသစ် ၄၀ ဦးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်လူနာသစ်တွေ့ရှိမှုဟာ စက်တင်ဘာလထဲမှာ ပြန်လည်များပြားလာတာဖြစ်ပြီး ဆေးထိုးပြီးသား သူတွေရော မထိုးရသေးတဲ့သူတွေမှာ ကူးစက်နေတာကြောင့် စိတ်ပူရတဲ့ အခြေအနေရှိတယ်လို့ CDM ဆရာဝန် တွေက သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
“ ခုကတကျော့ပြန်ဖြစ်တဲ့သဘောပေါ့ မေ့လောက်တဲ့အခြေအနေထိ ငြိမ်သွားပြီးမှ ပြန်ဖြစ်တာ စိတ်ပူရတယ် ပြည်သူတွေက အရင်လို စည်းကမ်းမလိုက်နာရင် အရင်လောက်မများပေမယ့် ကူးစက်မှုကတော့ စိတ်ပူစရာ အခြေအနေတွေ ရှိလာနိုင်သေးတယ်”လို့ CDM ဆရာဝန်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန်မှာ စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေလုပ်တာကြောင့် အစုလိုက် အပြုံလိုက် ရောဂါကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စက်တင်ဘာလဆန်းပိုင်းစတင်ကာ ရောဂါကူးစက်ခံရတာတွေ ပြန်လည်များပြား လာတာကာ အများဆုံးကတော့ ဟင်္သာတခရိုင်မှာ ၃၇ ဦးနဲ့ ပုသိမ်ခရိုင်မှာ ၃ ဦးတွေ့ရှိထားတာဖြစ်ပြီး သေဆုံးသူတော့ မရှိသေးဘူးလို့ သိရပါတယ်။
#Ayeyarwaddy_Times