ဧရာဝတီတိုင်းမ်
မေ ၁ ရက်
ရွေးတုအစိုးရသည် ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ခွင့်ပြန်ရာတွင် သက်ဆိုင်ရာ သံရုံး၏ ထောက်ခံစာပါမှသာ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု ကန့်သတ်လိုက်ခြင်းမှာ အလုပ်သမား များ၏ ကိုယ်ရေးအချက်အလက်များကို ရယူရန်နှင့် အခွန်ငွေညှစ်ရန် ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
ပြည်ပရောက်မြန်မာအလုပ်သမားများခွင့်ပြန်ရာတွင် သက်ဆိုင်ရာ သံရုံးထောက်ခံစာဖြင့်သာ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်ရှိ ရွေးတုအစိုးရလက်အောက်ခံ မြန်မာသံရုံးက မြန်မာနိုင်ငံသို့ ခွင့်ပြန်မည့် အလုပ် သမားများသည် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ) ကိစ္စရပ်များအတွက် ထောက်ခံစာ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး ထောက်ခံစာ တစ်စောင်လျှင် ဘတ် ၁၅၀ ပေးဆောင်ရမည်ဟု ကြေညာထားသည်။

ထောက်ခံစာ လျှောက်ထားရာတွင် OWIC ကတ်၊ ပတ်စပို့၊ မှတ်ပုံတင်၊ Work Permit၊ အလုပ်ရှင် ခွင့်စာနှင့် လေယာဉ်လက်မှတ် မိတ္တူများအပြင် ဘဏ်သို့ ငွေပေးချေထားသည့် ပြေစာများအထိ အချက်အလက် အပြည့် အစုံ တင်ပြရမည်ဖြစ်သည်။
“အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံသားတွေ၊ အလုပ်သမားတွေကို ဝက်အူရစ်တာပဲ။ မြန်မာပြည် သား သိန်းနဲ့သန်းနဲ့ချီရှိတယ်၊ ၁၅၀ ကောက်မယ် ။ အရင်က မြန်မာပြည်ပြန်တာ ဘာခွင့်မှ မလိုဘူး။ အခု ဟာက အလုပ်သမားတွေရဲ့ အချက်အလက်တွေ လိုချင်တာရယ်၊ အခွန်မပေးရသေးရင် ပေးခိုင်းဖို့မျှား ပြီး အချက်အလက်ကောက်တာရယ်ဖြစ်တယ်” ဟု အေအေစီရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် နယ်ဝေးမှ လာရောက်ရသူများအတွက် အချိန်နှင့် ငွေကုန်ကြေးကျများပြားမည့်အပြင်၊ သံရုံး၏ စနစ်မကျမှုနှင့် ကြန့်ကြာမှုများကြောင့် အရေးပေါ် ပြန်လိုသူများအတွက် အခက်အခဲကြီးစွာ ကြုံတွေ့ ရနိုင်ကြောင်းလည်း ကိုရဲမင်းက ထောက်ပြထားသည်။

မြန်မာပြည်တွင်းပြန်ရန် သံရုံးထောက်ခံစာထုတ်ပေးမည် ဖြစ်ကြောင်းပြောဆိုနေသော်လည်း လက်တွေ့ တွင် ဘန်ကောက်မြန်မာသံရုံးသည် စာရွက်စာတမ်းရရှိရန်အချိန်ကြန့်ကြာခြင်း၊ စည်းစနစ်မကျခြင်း၊ ရက်ချိန်းများစွာကြိုယူရခြင်းများကြောင့် အရေးပေါ်ပြန်လိုသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့ နိုင် ကြောင်း သိရသည်။
“တခြားနယ်ဝေးတွေက ထောက်ခံစာလာယူရင် အချိန်ကုန်ငွေကုန်ပြီ။ ပြည်သူကို ဘယ်လို ဒုက္ခ ရောက်အောင် လုပ်ရမလဲ အမျိုးမျိုး အမိန့်ဥပဒေတွေပဲ ထုက်ပြန်နေတယ်။ ကိုယ့်နိုင်ငံ မွေးရပ်မြေကို လွမ်းလို့၊ ကိစ္စရှိလို့ ၊ ကျန်းမာရေးကြောင့် မိဘတွေဆုံးပါးသွားလို့ ခဏပြန်တာ တကူးတက ထောက်ခံစာ ယူခိုင်းစရာ ဘယ်လိုအကြောင်းမှ ရှိမနေဘူး” ဟု ကိုရဲမင်းက ဆက်လက်ပြောသည်။
ပြည်ပမှ ခွင့်ပြန်မည့် အလုပ်သမားများသည် လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ အလုပ်ရှင်၏ ခွင့်စာနှင့် သံရုံးထောက်ခံချက် ပါမှသာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရတော့မည်ဖြစ်သည်။
ထို့အတူ လက်ရှိ ပြည်တွင်း၌ ရောက်ရှိနေသည့် ခွင့်ပြန်အလုပ်သမားများသည်လည်း အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရရှိမှသာ ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ -အင်တာနက်