ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ ကုန်းတွင်းရေနံမြေများမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့ရှိ ရွာမဓာတ်အားပေးစက်ရုံသို့ ပေးပို့ကာ လျှပ်စစ်ထုတ်လုပ်နေသော်လည်း ပြည်သူများမှာမူ လျှပ်စစ်မီး ပိုမိုပြတ်တောက်သည့်ဒဏ်ကို ခံစားနေရကြောင်း သိရသည်။
မအူပင်ရေနံမြေ တွင်းအမှတ် (၁၄) မှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂ သန်း ထုတ်လုပ်နေပြီး အဆိုပါ ဓာတ်ငွေ့များကို ရွာမစခန်းသို့ ပေးပို့နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းရှိ အဖျောက်နှင့် မအူပင်တို့မှထွက်သော ဓာတ်ငွေ့များကို စက်ရုံများ၊ CNG မော်တော်ယာဉ်များနှင့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတို့တွင် ဖြန့်ဖြူးနေသည်မှာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ရွေးတုအစိုးရသည် ကမ်းလွန်မှထွက်သော ရေနံနှင့် ဓာတ်ငွေ့အများစုကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ ရောင်းချနေပြီး ကုန်းတွင်းမှထွက်သော အနည်းငယ်ကိုသာ ပြည်တွင်းသုံးစွဲရန် အတွက် ချန်ထားခြင်းဖြစ်သည်။
ပိုမိုရရှိလာသော ဓာတ်ငွေ့များဖြင့် လျှပ်စစ်မီး တိုးပေးမည်ဟု ရွေးတုအစိုးရက ဆိုထားသော်လည်း မြေပြင်တွင်မူ လျှပ်စစ်မီး ပိုမိုပြတ်တောက်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“မီးက လာချင်တဲ့အချိန်လာတာ။ တစ်ခါလာရင် လေးနာရီတော့လာတယ်။ လာချိန်ဆို နောက်ကျပြီး ပြတ်ချိန်ကျတော့ မြန်တယ်။ မီးတိုးပေးမယ်ပြောပြီးမရသေးဘူး။ ည ၉ နာရီ အလှည့် ကျမီးဆိုရင် လည်း ပြတ်နေတုန်းပဲ” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရသည် လျှပ်စစ်မီးတိုးပေးနိုင်ရေးအတွက်ဆိုကာ မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ Leader Power ကုမ္ပဏီတည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ်စက်ရုံ၊ မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy ကုမ္ပဏီတည်ဆောက်သော သပြေဝ ၄၀ မဂ္ဂါဝပ်စက်ရုံဖြင့်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်လှစ်နေပြီး အခြားစက်ရုံသစ်များကိုလည်း တည်ဆောက်နေကြောင်း သိရသည်။
သို့သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလှိုင်ကမူ ဓာတ်အားလိုင်းများ ဝန်ပိုထမ်းနေရသဖြင့် System Break Down ဖြစ်ကာ မကြာခဏ မီးပြတ်တောက်နေရကြောင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတွင်လည်း နည်းစနစ်အားနည်းမှုနှင့် မသာမာမှုများကြောင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ ရှိနေကြောင်း ဝန်ခံပြောကြားထားသည်။
ဓာတ်ပုံ – MOI, ဧရာဝတီတိုင်းမ်