ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
မတရားအကျည်းကျခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲလိုက်ကြောင်း ရွေးတုအစိုးရက ယနေ့ညပိုင်းတွင် ကြေညာသည်။
အာဏာသိမ်းစစ်တပ်က အသက် ၈၁ နှစ် အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ဆယ်ခုကျော်နှင့် ထောင်ဒဏ် ၃၃ နှစ်ကို ၂၀၂၁ ခုနှစ်တွင်ချမှတ်ထားသည်။
ပြီးခဲ့သည့်ကာလတစ်လျှောက်၌ အာဏာသိမ်းစစ်တပ် ရွေးတုအစိုးရ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာမှုတွင် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုချန်လှစ်ထားပြီး ငါးနှစ်ကျော်ကြာမှ ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

“အစကတည်းက ထောင်ထဲမှာမထားတာ နှစ်နဲ့ချီကြာနေပြီ။ အခုလည်းသူတို့သတ်မှတ်တဲ့နေရာမှာထားမယ်လို့ပြောသွားတယ်။ ဒါကြောင့်နေအိမ်အကျယ်ချုပ်ရဲ့အခွင့်အရေးဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကစပြီး အနီးကပ်ချက်ပြုတ်ကျွေးမွေးဖို့ ပြုစုဖို့ မိသားစုတွေနဲ့ ရှေ့နေနဲ့တွေ့ခွင့်ပေးမှာလားဆိုတဲ့အချက်တွေကိုစောင့်ကြည့်ရပါဦးမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှုအခြေအနေကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွေးတုအစိုးရက နေအိမ်အကျယ်ချုပ်တွင် မတရား ကျခံနေရသည့်ပြစ်ဒဏ်များကို ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းကြေညာသည်။ ယခုရက်ပိုင်းအတွင်းထုတ်ပြန်နေသော ပြစ်ဒဏ်လျော့ပေါ့ချက်များအရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွင် မတရားပြစ်ဒဏ် နှစ် ၂၀ နီးပါးကျန်ရှိနေသေးသည်။