ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်
ထိုင်းနိုင်ငံသို့ ရောက်နေသော ရွေးတုကျန်းမာရေးဝန်ကြီးက မြန်မာ – ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pattana Promphat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဘန်ကောက်မြို့ Eastin Grand Hotel Phaya-thai တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက် အထိကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါဆိုင်ရာ ညီလာခံသို့ ရွေးတုအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့တက်ရောက်ကြောင်းသိရသည်။
လက်ရှိနှစ်နိုင်ငံနယ်စပ်မြို့ ဖြစ်သော မဲဆောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါက်တာစင်သီယာမောင် မယ်တော်ဆေးခန်းကိုသာ အားကိုးရကြောင်း မဲဆောက်မြို့နေထိုင်သူတစ်ဦးက ပြောကြားသည်။

”ဒီမှာတော့ ( မဲဆောာက်) မှာ မယ်တော်ဆေးခန်းပဲသွားကြတယ်။ ဒေါက်တာစင်သီယာမောင်ဆေးခန်း၊ ဒီကရွေ့ပြောင်းတွေရော မြန်မာတွေရော အဓိကသွားကြတယ်။ စစ်ကောင်စီရဲ့ဆေးခန်းတွေ ဘာတွေမရှိဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်နိုင်ငံပူးပေါင်းရေး၊ ထားဝယ်ဆေးရုံ အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ဆရာဝန်၊ သူနာပြုများအား လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများပို့ချနိုင်ရေးပါဝင်ကြောင်း ရွေးတုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ဥရောပသမဂ္ဂက မြန်မာစစ်ဘေးရှောင်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရှိစေရန် ယူရို ၁၅ သန်းထောက်ပံ့မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ထားသည်။
ထို့ပြင် ဂျပန်နိုင်ငံက ထိုင်းရှိ မြန်မာပြည်မှ ရွှေ့ပြောင်းခိုလှုံသူများအတွက် ကျန်းမာရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး ပံ့ပိုးမည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MOI , လူမှုကွန်ရက်