‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၃၀ ရက်

‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းများ အင်းတော်မြို့အတွင်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

‎ယနေ့ ဧပြီ ၃၀တွင် နဘားရွာနှင့် နားရခေါင်ရွာတွင် တပ်ဖြန့်ထားသည့် စစ်တပ် စစ်ကြောင်းအချို့ အင်းတော်မြို့ထဲ ဝင်ရောက်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”အင်းတော်မြို့ထဲထိ နဘားကနေတက်တဲ့ စစ်ကြောင်းတစ်ဝက်လောက် ဝင်သွားပြီပြောပါတယ်။ စစ်တပ်ထောက်ခံသူတွေကလည်း စစ်တပ်ဝင်သွားပြီ၊ မြို့သိမ်းပြီဆိုပြီး သတင်းဖြန့်နေကြပါပြီ” ဟု ကသာသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎နံနက် ၁၁နာရီ ၄၀မိနစ်အချိန်မှစ၍ အင်းတော်ရှိ ကျန်တောနှင့် ကမ်းနီရွာ အနီးတောတန်းများဘက်ကို စစ်တပ်က Y-12 လေယာဉ်များဖြင့် ဗုံးကြဲချတိုက်ခိုက်နေကြောင်း Indaw Revolution ကဖော်ပြသည်။

‎ကသာ ခမရ ၃၀၉ မှနေ၍ ပြီးခဲ့သည့် ဧပြီ ၂၁ရက်က အင်းတော်မြို့ကိုဦးတည်၍ အင်အားအလုံးအရင်းဖြင့် ထွက်လာသည့် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဟန့်တား တိုက်ခိုက်မှုကြောင့် ယမန်နေ့ ဧပြီ ၂၉တွင် နဘားလမ်းဆုံကို ရောက်ရှိလာခြင်းဖြစ်သည်။

‎ကသာ၊ အင်းတော်၊ နဘားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူများပါသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ အရှင်ဖမ်းဆီးခံရသူများလည်း ရှိကြောင်း သိရသည်။

‎တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အင်းတော်ကို စစ်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်လာချိန်တွင် ဒေသအခြေစိုက် Indaw Revolution ကဒေသခံများကို တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးနှိုးဆော်ခဲ့သည်။

‎စစ်ကြောင်းများ နီးကပ်လာချိန်မှစ၍ အင်းတော်ဒေသခံများ စစ်ရှောင်နေကြရပြီး မော်လူးမြို့၊ နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။