နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အာဏာရယူထားသော ရွေးတုအစိုးရသည် ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် အမှတ်စဉ် (၁) ဆင်း တပ်သားသစ် (ပစ) တချို့ကို သက်တမ်းပြည့်၍ အိမ်ပြန်ခွင့်ပြုသည်ဟုဆိုကာ ဝါဒဖြန့်နေပြီး တစ်ဖက်တွင်လည်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း CDM အရာရှိများနှင့် မိသားစုဝင် များထံမှ သိရသည်။

မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ အဆိုအရ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) တွင် တပ်သားသစ် ၅,၁၀၀ ကျော် စုဆောင်းခဲ့သော်လည်း ယခုသက်တမ်းပြည့်၍ နုတ်ထွက်ခွင့်ရသူမှာ ၄၀ ရာခိုင်နှုန်း (၂,၀၀၀ ဝန်းကျင်) ခန့်သာရှိကြောင်း သိရသည်။

“ဒါက သူတို့ စစ်မှုထမ်း အပတ်စဉ် (၁) တွေကို ပြန်လည်နုတ်ထုတ်ခွင့် ပြုနေပါတယ် ဆိုတာကို ပုံဖော်ဝါဒဖြန့်တာ၊ နောက်ထပ်စုဆောင်းရတာတွေ လွယ်ကူအောင်လို့ ဒါတွေကို စနစ်တကျ ဝါဒဖြန့် လုပ်လာတာ တွေ့ရတယ်။ လုပ်ငန်းစဉ် တစ်ရပ်အနေနဲ့ကို အားတက်တရော အကောင်အထည် ဖော်လာတာ တွေ့ရတယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အုပ်စုသည် ရှေ့တန်းစစ်မျက်နှာပြင်၌ သေဆုံးသူ၊ လက်နက်ချသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း ၃,၀၀၀ ကျော် ၏ စာရင်းကို ထိန်ချန်ထားပြီး အိမ်ပြန်ခွင့်ရသူအနည်းငယ်ကိုသာ ဝေဝေဆာဆာ ဓာတ်ပုံရိုက်၍ ဝါဒဖြန့်နေခြင်းဖြစ်သည်။

သို့သော် အရေအတွက် အတိအကျနှင့် ရှေ့တန်းစစ်မျက်နှာပြင်၌ သေဆုံးသွားသူများ၊ လက်နက်ချ၍ အလင်း ဝင် ပူးပေါင်းသွားသူများ၊ ပျောက်ဆုံးသွားသူများ၏ စာရင်းများကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဖုံးကွယ်ထိန်ချန်ထားခြင်းကြောင့် ‘ပစ’လူငယ် ၃,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း MDSI ၏ စောင့်ကြည့်လေ့လာချက်များအရ သိရသည်။

“စခေါ်တုန်းက စစ်မတိုက်ရဘူးပြောပြီး စစ်သင်တန်း တက်ခိုင်းတယ် ပြီးတော့ ရှေ့တန်းလွှတ်တယ်။ စစ်မှုထမ်း နှစ်နှစ်မှာ သင်တန်းကာလ လေးလမပါဘူး၊ ရှေ့တန်းလွှတ်တဲ့နေ့ကစပြီး စစ်မှုထမ်း နှစ်နှစ်ထမ်းဖို့ ရက်စသတ်မှတ်ပါတယ်။ တစ်ချို့တွေ စစ်မှုထမ်းနှစ်ပြည့်ပေမယ့် ခုထိမပြန်ရသေးတဲ့ လူတွေရှိတယ်” ဟု ဟင်္သာတခရိုင်မှ ‘ပစ’မိသားစုဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအတူ ပြည်သူ့စစ်မှုထမ်းကာလ ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း လက်ရှိတိုင် မိသားစုဝင်များနှင့် အဆက် အသွယ်မရဘဲ အိမ်ပြန်ခွင့်မရသူ အများအပြားရှိနေသလို အိမ်ပြန်ခွင့်ရသူ အချို့မှာလည်း မဲနှိုက်ရွေးချယ်ခံရခြင်းဖြစ်ပြီး စစ်မှုထမ်းလစာနှင့် အကျိုးခံစားခွင့်များ မရဘဲ နှစ်သိမ့်ငွေ အနည်းငယ်သာ ရရှိကြကြောင်း သိရသည်။

ထို့အပြင် တပ်သားသစ် စုဆောင်းရာတွင်လည်း ၎င်းတို့အတွက် သတ်မှတ်ငွေကြေး မပေးနိုင်သော အခြေခံလူ တန်းစား လူငယ်များကို အဓိကပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲ ခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်မှုထမ်းတပ်သားသစ်များကို သင်တန်းတက်ချိန်မှ စတင်၍ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက် ထားခြင်း၊ ရှေ့တန်းစေလွှတ်ရာ၌ အသေခံခိုင်းစေများရှိကြောင်း နီးစပ်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်းတပ်သားများထံမှ သိရသည်။

လက်ရှိတွင် ရွေးတုအစိုးရသည် ၎င်းတို့အိမ်ပြန်ခွင့် ပြုလိုက်သည်ဆိုသော ‘ပစ’တချို့ကို အခြေခံ အသုံးချ၍ ဝါဒဖြန့်ချိနေသလို တစ်ဖက်၌လည်း တပ်ချုပ်အပါအဝင် ထိပ်ပိုင်းအပြောင်းအလဲများ ပြုလုပ်ပြီးနောက် ခုခံတော်လှန်နေသည့် နယ်မြေဒေသများဆီ အင်အားဖြည့်တင်းနိုင်ရန် တိုင်း/ပြည်နယ် အသီးသီမှ လူငယ်များအား အတင်းအဓမ္မ ပေါ်တာဆွဲ၊ ဖမ်းဆီးမှုများ ပိုမိုလုပ်လာကြောင်း သိရသည်။

ဓာတ်ပုံ-MOI