ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီလ ၃၀ ရက်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထန်နှီယာရ်ရွာသစ်တွင်၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက် လာသော ရွေးတုအစိုးရ စစ်တပ်က အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးကို နေအိမ်အတွင်းတွင် အဓမ္မပြုကျင့်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖလမ်းမြို့နှင့် ၇ မိုင်ခန့်အကွာရှိ ထန်နှီယာရ်ရွာသစ်တွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်မှ ရွာသားများက သေဆုံးနေသည့် ရုပ်အလောင်း ကို ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

 

ရွေးတုစစ်တပ်သည် ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဖလမ်း-ဟားခါး လမ်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးရာတွင် လမ်းကြောင်းပေါ်ရှိ ထန်နှီယာရ်ရွာသစ်သို့ ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ကြောင်းဝင်လာချိန်တွင် ကျန်းမာရေးအခြေအနေကြောင့် ဘေးလွတ်ရာသို့ မတိမ်းရှောင်နိုင်ဘဲ နေ အိမ်တွင် ကျန်ရစ်ခဲ့သည့် အသက် ၇၀ အရွယ် အဘွားအိုကို စစ်တပ်က အုပ်စုဖွဲ့အဓမ္မပြုကျင့်ကာ နဖူးတည့်တည့်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

“တနင်္ဂနွေနေ့မှာ သူ့တူတွေက ဝက်စာကျွေးဖို့ ရွာထဲ ခေတ္တပြန်လာကြတာ။ အိမ်ထဲကနေ အဘွားအော် နေတာကို ကြားရပေမဲ့ စစ်သားတွေရှိနေတော့ မကပ်ရဲဘဲ ပြန်လှည့်ပြေးခဲ့ရတယ်။ မနက် ရွာထဲ ပြန်ဝင်ကြည့်တော့မှ အဘွားက ကုတင်ပေါ်မှာ အဝတ်ဗလာနဲ့၊ နဖူးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေ တာကို တွေ့ရတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရ၏ တပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းမှ ပြန်ထွက်သွားချိန်တွင် သက်သေဖျောက်သည့် အနေဖြင့် အဘွားအို၏ ရုပ်အလောင်းကို နေအိမ်နှင့်အတူ မီးရှို့ခဲ့သော်လည်း နေအိမ်မှာ မီးလောင် ကျွမ်းခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစစ်ကြောင်းမှာ လက်ရှိတွင် ထန်နှီယာရ်ရွာသစ်အနီးရှိ Lungrang ကျေးရွာတွင် နေရာယူ တပ်စွဲထားဆဲဖြစ်သဖြင့် ဒေသခံများမှာ အဘွားအို၏ ရုပ်အလောင်းကို ကောင်းမွန်စွာ သယ်ယူ သင်္ဂြိုဟ်ရန် ခက်ခဲနေကြောင်း သိရသည်။

 

စစ်အုပ်စုသည် ချင်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို မြေပြင်နှင့် လေကြောင်းအင်အား အလွန်အကျွံသုံးကာ ခုနစ်လနီးပါးကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။