‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၃၀ ရက်


‎ရခိုင်ပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်ကို စစ်တပ်က ဗုံးကြဲလေယာဉ်များအုပ်ဖွဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ထားကြောင်း သိရသည်။

‎စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများကို ယမန်နေ့ ဧပြီ ၂၉ရက်၊ နေ့လယ် သုံးနာရီမှစတင်ကာ ဂျက်ဖိုက်တာ လေးစင်းထက်မနည်းအသုံးပြု၍ အကြိမ်ရေ ၂၀ကျော်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎”နေ့လယ်ဘက်ကြီးလာကြဲတာမှာ နာရီဝက်လောက်ကြာအောင်ကြဲတယ်။ ‌ဖိုက်တာ လေးစင်းမကဘူးတွေ့တယ်။ အကြိမ်ရေ ၂၀ကျော်မယ်ကြဲချတိုက်ခိုက်သွားတာ” ဟု ‌ရခိုင်ဒေသတွင်းရှိသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်တွေရှိ ဝါဘိုကျေးရွာ၊ ပုဏ္ဏားကျွန်းရှိ ကွန်းတောင်ရွာနှင့် ရသေ့တောင်ရှိ မိုးစဲကျွန်းတို့ကို စစ်တပ်က လေယာဉ်အုပ်စုလိုက်သုံးပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎ယခု ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေယာဉ်အမျိုးအစားအစုံကိုအသုံးပြုကာ တိုက်ခိုက်ရေးလေယာဉ်များကိုလည်း အနည်းဆုံး လေးစီးမှ ခုနှစ်စီးထိ အသုံးပြု၍ အပြင်းအထန်တိုက်ခိုက်လာကြောင်းသိရသည်။

‎လေကြောင်းတိုက်ခိုက်ခံရသည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းများ ပြိုကျပျက်စီးမှုများခဲ့ရသည်။