ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဧပြီ ၃၀ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ မုန်းချောင်းတံတားအနီးတွင် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုအစိုးရ စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက် သည့်အတွက် အရပ်သား ကိုး ဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် စစ်ရေးလှုပ်ရှားမှု မရှိသည့် ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားအနီးကို ယမန်နေ့ ဧပြီ ၂၉ ရက်နေ့၊ မနက် ၁၀ နာရီ ၁၅ မိနစ်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတာပါ။ ထိခိုက်မှုက အတော်များတယ်။ အသေးအစိတ် မသိရ သေးဘူး။ လောလောဆယ် ကိုး ယောက်လောက်သေဆုံးပြီး သုံး ယောက် ဒဏ်ရာရတယ်လို့ သိရတယ်”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျင်ဒွေးမြို့သည် ရွေးတုအစိုးရ၏ စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရသည့် ကန်ပက်လက်မြို့နယ်ထဲက မြို့ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ယခုကဲ့သို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) ပါဝင်သည့် ချင်းညီနောင်(CB) အဖွဲ့နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်ကတည်းက ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိထားသည်။
ထို့အပြင် စစ်တပ်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တွင်လည်း လေကြောင်းမှ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။