ဧရာဝတီတိုင်းမ်
ဧပြီ ၃၀ ရက်

ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်း ထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် ယနေ့ ဧပြီ ၃၀ ရက်တွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသည့် အနေဖြင့်ဟုဆိုကာ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ စုစုပေါင်း ၁,၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

လွတ်မြောက်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက် (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁-၁) ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းခွင့်တွင် အတုအယောင် ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူတို့ အပါအဝင် ယင်းဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ အချို့ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုနှင့် ပတ်သက်၍ ဒါရိုက်တာများ လွတ်မြောက်လာခြင်း ရှိ၊ မရှိကို ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

ဓာတ်ပုံ-AFP