‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၃၀ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်အသွားလမ်း ဂုတ်ကြီးစခန်းအနီးတွင် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်မှ စတင်ကာ ဂျက်ဖိုက်တာ သုံး စင်းနှင့် Y-12 လေယာဉ်များအသုံးပြု၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး ယမန်နေ့ ဧပြီ ၂၉ ရက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

“လေကြောင်းက (ဧပြီ ၂၈ ရက်) ကတည်းက ဆက်တိုက်ကြဲနေတာ၊ တိုက်ပွဲလည်း ဖြစ်နေတယ်” ဟု မကွေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အုပ်စုဘက်က သေဆုံးမှုများသည့်အတွက် လေကြောင်းမှ အုပ်ဖွဲ့တိုက်ခိုက်နေခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အင်အား ၁၅၀ ခန့် ပို့ဆောင်ခဲ့သည့် စစ်ယာဉ်တန်းများသည် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် မစခ-၉၀၅ အတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကလည်း ဂုတ်ကြီးလမ်းကြောင်းမှ စစ်ကူတက်သည့် စစ်ကြောင်း တိုက်ခိုက် ခံရသည့် အတွက် အင်အား ၁၀၀ ခန့်ပါ စစ်ကား သုံး စီးကို ထပ်မံစေလွှတ်ခဲ့ရသည်။

စစ်အုပ်စုသည် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ စစ်ကူပို့နိုင်ရေးအတွက် ပဇီနှင့် ဂုတ်ကြီးလမ်းပိုင်းတို့ကို အသုံးပြုနေရပြီး ဇင်ပြွန်းနှင့် မြေလပ်ရွာတို့တွင် အထိုင်စခန်းများပါ ချထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နတ်ရေကန်စခန်းကို လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းထုတ်များ ချပေးခဲ့ကာ မြေပြင်စစ်ကြောင်းမှပါ စစ်ကူနှင့် ခဲယမ်းများ ထပ်မံပို့ဆောင်နေခြင်းဖြစ်သည်။