ဧရာ၀တီတိုင်းမ်
ဧပြီ ၂၉ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ဆော-မင်းတပ် ကားလမ်းပေါ်မှ စစ်ဗျူဟာအရ အချက်အခြာကျသည့် ကံကြီးကျေးရွာကို ရွေးတုအစိုးရ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ အထိုင်ချ ထိန်းချုပ်လိုက် ကြောင်း သိရသည်။

ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၆၈) မှ အင်အား ၂၀၀ ခန့်ပါဝင်သော အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ကံကြီးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ အထိုင်ချ တပ်စွဲလိုက်ခြင်း ဖြစ်ကာ ဝင်ရောက်စဉ်အတွင်း ဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တပ်က တပ်စွဲလိုက်သည့် ကံကြီးရွာသည် မကွေးတိုင်းမှ ချင်းပြည်နယ်ကို ဖြတ်၍ ရခိုင်ပြည်နယ် အတွင်းသို့ ကုန်စည်စီးဆင်းသည့် အဓိက အသက်သွေးကြော လမ်းဆုံတွင် တည်ရှိသည်။

“မင်းတပ်နဲ့ ကျောက်ထုက ၇၃ မိုင်နီးပါး ကွာဝေးတာကြောင့် တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ အနေအထား တော့ မရှိသေးပါဘူး။ သို့သော် မကွေး၊ ချင်း၊ ရခိုင်တို့ကို ဆက်သွယ်ပေးထားတဲ့ အဓိက ပင်မလမ်းဆုံ စစ်ဗျူဟာ အရေးကြီးမြေအထိ ရောက်လာတာဖြစ်လို့ ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ ခြေလှမ်းပြင်လာတာကို တွေ့မြင်ရပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

စစ်တပ်က ထိုသို့ အထိုင်ချပြီးနောက်ပိုင်း ကုန်ကားတစ်စီး အဖမ်းခံခဲ့ရသည့်အတွက် ယခုရက်ပိုင်း အတွင်း ကုန်ကားများ ဖြတ်သန်းသွားလာခြင်း မရှိတော့ဘဲ လမ်းကြောင်း ပြတ်တောက်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုသည် အင်အားဖြည့်တင်းမှုများ ထပ်မံလုပ်ဆောင်နေပြီး မင်းတပ်မြို့ဘက်သို့ စစ်ကြောင်းဦးတည် ရွေ့လျားနိုင်သည့်အတွက် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။