ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် မီး လောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၇၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ချောင်းဝကျေးရွာတွင် ယနေ့ ဧပြီ ၂၉ ရက်၊ နံနက် ၂ နာရီကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၄ နာရီခန့်တွင်မှ မီးငြိမ်းနိုင်ခဲ့ကာ ၁ နာရီနှင့်မိနစ် ၃၀ ကျော်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ထင်းမီးဖိုက မီးကျန်ကနေစပြီး လောင်တာ။ အိမ်ခြေ ၇၀ လောက်ပါသွားတယ်။ မီးက ၁ နာရီကျော် ၂ နာရီနီးပါးလောင်နေတာ။ အိမ်တွေမီးကူးကုန်တာ ဓနိမိုးအိမ်နဲ့ ပျဉ်ထောင်အိမ်တွေဆိုတော့ လောင်တာရက်စက်တယ်”ဟု ဖျာပုံဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးဘေးသင့်ပြည်သူ ၃၀၀ ကျော်မှာ လက်ရှိတွင် ချောင်းဝ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေကြရကြောင်း သိရသည်။
မီးလောင်မှုအတွင်း ဓနိမိုး၊ ဝါးကြမ်းခင်းအိမ်၂၈ လုံး၊ သွပ်မိုးထရံကာနှင့် ပျဉ်ခင်းနေအိမ် ၃၇ လုံး၊ သွပ်မိုးအုတ်ကာ၊ ကွန်ကရစ်ခင်းနေအိမ် ၅ လုံး စုစုပေါင်း နေအိမ် ၇၀ မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် အမျိုးသမီးကို သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ယူမေးမြန်းပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဓာတ်ပုံ- မီးသတ်ဦးစီးဌာန၊