ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ စစ်တပ်၏ ဝေါ်လေဗျူဟာကုန်း ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် စစ်တပ်က လေကြောင်းမှအပြင်း အထန် ကာကွယ်နေရကြောင်း သိရသည်။

ဝေါ်လေဗျူဟာကုန်းကို ဖလူး-မင်းလက်ပံဘက်မှ စစ်တပ်စစ်ကြောင်းများ စေလွှတ်နေသော်လည်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန်တိုက်ခိုက်ထားသည့်အတွက် စစ်ကြောင်းများတပ်ပျက် ထွက်ပြေးကြရကြောင်း ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က Cobra warrior အဖွဲ့က ရုပ်သံတစ်ခုထုတ်ပြန်ထားသည်။

“အရှင်ဖမ်းမိတာတွေ ထွက်ပြေးတာတွေလည်းရှိတယ်။ စစ်းထိုးလာမယ့် တပ်ကလည်း ပိတ်မိနေတယ်။ အနီးဝန်းကျင်တွေကိုပါ မီးလောင်ဗုံးနဲ့ပတ်ကြဲနေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝေါ်လေဗျူဟာကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းပိတ်ဆို့တိုက်ခိုက်နေ သည်မှာ တစ်လခန့်ကြာမြင့်လာပြီး စစ်တပ်၏ မြေ ပြင်ထောက်ပို့လမ်းကြောင်းများကိုပါ ပိတ်ဆို့ထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တပ်က စစ်ကူပို့ရန်နှင့် လက်နက်ခဲယမ်းအတွက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို အသုံးပြုနေရကာ တိုက်ပွဲနှင့်အနီးတစ်ဝိုက်ကိုလည်း Y 12၊ ဂျက်ဖိုက်တာနှင့် ဒရုန်းအသုံးပြု၍ နေ့ စဉ်တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က ဝေါ်လေဗျူဟာကုန်းကို စစ်တပ်က လေကြောင်းမှနေ၍ လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ ထပ်မံချသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ‌စစ်ရေးအရအရေးပါသည့် ဝေါ်လေဗျူဟာ အမာခံစစ်စခန်း၏ ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့် အတွက် စစ်တပ်မှ စစ်ကူပို့လိုက်သည့် တပ်မ ၂၂ စစ်ကြောင်းမှာလည်း ပိတ်မိနေသည်ဟု သိရသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ဘလယ်ဒို၊ ကနဲလေး၊ သေ့ခန်းများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး ဝေါ်လေဗျူဟာကုန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။