ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီ ၂၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၁၉) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉) အတွင်းရှိ ပင်မလက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
လက်နက်တိုက်ဖောက်ခွဲမှုအတွင်း ဒရုန်းဗုံးသီးများနှင့် လက်နက်ကြီးကျည်များကို စတင်ဖောက်ခွဲခဲ့ပြီး ပေါက် ကွဲမှုကြောင့် ရိက္ခာစတိုး၊ သက်သာဆိုင်နှင့် ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်များပါ မီးလောင်ပျက်စီးခဲ့ကာ မီးကူးစက်မှုများကြောင့် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၂၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း တနင်္သာရီ တိုင်းစစ်ဌာနထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စစ်အုပ်စုတပ်ဖွဲ့ဝင် လေး ဦး သေဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ခြောက် ဦး မှာ စိုးရိမ် ရသည့်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ယခုစစ်ဆင်ရေးပြုလုပ်နိုင်ရန် တပ်တွင်းဖရဲသီးနှင့်ပူးပေါင်းကာ စစ်တပ်နယ်မြေအတွင်းဝင်ရောက်နိုင်ရန် အချိန်နှင့်ငွေကြေးအမြောက်အများ အသုံးပြု၍ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီ ၂၀ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် ကိုယ်တိုင်ရဟတ်ယာဉ်ဖြင့် လာရောက်စစ်ဆေးခဲ့ပြီး ဧပြီ ၂၁ ရက်နေ့တွင် ပေါက်ကွဲမှု ကြောင့် ကျန်ရှိနေသည့် ပျက်စီးလက်နက်ခဲယမ်းများကို စစ်ပစ်ကွင်း၌ ပြန်လည်ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ခလရ-၆၁ တပ်ရင်း မှ ဗိုလ်မှူးဟိန်းစံကိုလည်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးစုစုပေါင်း ၄.၉ ဘီလီယံကျော်အနက် သိန်း ၄၀၀ ခိုးယူမှုဖြင့် တိုင်းမှူးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါဖောက်ခွဲမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ(၃၃) လက်အောက်ခံ အမှတ် (၈၀၀၁)တပ်ရင်း (ရေးပြောက်ကျားတပ်ဖွဲ့) သည် မြို့တွင်း UG အဖွဲ့ နှင့် စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးတို့နှင့် ပူးပေါင်းကာ ဖောက်ခွဲမှုပြုလုပ် ခြင်းဖြစ်သည်။
ဓာတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေး