ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
နိုင်ငံခြားငွေရှာပေးနေသောပြည်ပနိုင်ငံရှိအလုပ်သမားများ မြန်မာနိုင်ငံသို့ခွင့်ပြန်ရာတွင် သက်ဆိုင်ရာသံရုံးထောက်ခံစာဖြင့်ပြန်လာရမည်ဖြစ်ကြောင်း ရွေးတုအစိုးရက ယမန်နေ့တွင် ထပ်မံတင်းကျပ်ထုတ်ပြန်လိုက်သည်။
လာမည့် မေ ၁ ရက်မှစတင်ကာ ပြည်ပနိုင်ငံများမှ အလုပ်သမားများသည် အလုပ်ရှင်၏ ခွင့်စာပြသကာ သက်ဆိုင်ရာသံရုံးများထံမှ ထောက်ခံစာယူလာပြီးမှ မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ထွက်ခွာမည့်အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါ လုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။
လက်ရှိခွင့်ပြန်အလုပ်သမားများ ပြန်လည်ထွက်ခွာရန်အတွက် အလုပ်သမားဝန်ကြီးဌာနထံ ပြည်ပထွက်ခွာခွင့်တင်ပြရပြီး အမိန့်စာကျမှပြန်လည်သွားရောက်နိုင်မည်ဖြစ်သည်။
“မလေးကနေခွင့်ပြန်လာတာ အလုပ်သမားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းအကုန်ပါတယ်။ OWIC ကဒ်လည်းရှိတယ်။ အကုန်တရားဝင်ပဲ။ အဲဒါကိုပြန်ထွက်ခွင့်ရဖို့လိုက်ရတာ သိန်း ၃၀ လောက်ကုန်တယ်။ အချို့ဆိုသိန်း ၄၀ လောက်ကုန်တာရှိတယ်။ ပြန်ကျဖို့ပေးရတာရော လေဆိပ်မှာပေးရတာရော အများကြီးပဲ” ဟု မလေးရှားနိုင်ငံမှ အလုပ်ခွင့်ပြန်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားအသစ်များအနေဖြင့် စည်းကမ်းများကိုကျော်ကာ ခွင့်ပြန်အလုပ်သမားအဖြစ်သွားရောက်မှုများ ရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ပြည်ပရောက်အလုပ်သများများထံမှ ပြန်လည်ပေးပို့ငွေ ( Remittances) မှာ အဓိကငွေရင်းမြစ်တစ်ခုဖြစ်၍ ပြီးခဲ့သည့်နှစ်တွင် တရားဝင်ပေးပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံရရှိကြောင်း IFPRI Myanmar ၏ အစီရင်ခံစာများတွင်ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း စာရင်းဇယားများအရ အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၁၇ ရာခိုင်နှုန်း ခန့်သည် အလုပ်အကိုင်အတွက် ရွှေ့ပြောင်းသွားလာနေကြပြီး ယင်းမှတစ်ဆင့် မိသားစုများထံ ငွေကြေးစီးဝင်လာရာ စားသုံးမှုကဏ္ဍကိုများစွာအထောက်အကူပြုလျက်ရှိကြောင်း ယင်းအဖွဲ့အစီရင်ခံစာထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပရောက်မြန်မာများ နိုင်ငံခြားငွေဖြင့်ရရှိသော ဝင်ငွေ၏ ဝင်ငွေခွန်ကို နှစ်ရာခိုင်နှုန်းကောက်ခံခြင်း၊ လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းမရှိပါက သို့မဟုတ် အခွန်ဆောင်ခြင်းမရှိပါက နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းများကို အရေးယူပိတ်ပင်သွားမည်ဟု တင်းကျပ်ထားသည်။
ဓာတ်ပုံ – MOI