ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဧပြီ ၂၉ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်အလယ်ရွာ၌ ယမန်နေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွေးတု အစိုးရလက်အောက်ခံစစ်တပ်က လူငယ်များကို ပေါ်တာဆွဲရန် ပစ်ခတ်ဖမ်းဆီးစဉ် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ စစ်တပ်သည် ပေါ်တာဆွဲရန်အတွက် ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးကို ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါပစ်ခတ်မှု ကြောင့် အနီး အနားတွင် ရေချိုးနေသည့် အသက် ၇ နှစ်အရွယ်မပြည့်ပြည့်ဝင်းကို ကျည်ထိမှန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ဖြူးမြို့ ရေသျှံကြီးဒိုင်နယ် အလယ်ရွာမှာ ပေါ်တာဆွဲတဲ့ လူငယ်တွေကို သေနတ်နဲ့ပစ်တာ ရေချိုးနေတဲ့ အသက် (၇) နှစ်အရွယ် မိန်းခလေးကို ထိသွားတာပါ” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ ကလေးငယ်၏ မိသားစုသည် ဖြူးမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရန် သွားရောက်ခဲ့သော်လည်း ရဲစခန်းမှ ပေါ်တာဆွဲသည့်အဖွဲ့များကို အမှုဖွင့်တိုင်ကြား၍ မရကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် စခန်းမှူးကလည်း မိသားစုဝင်များအနေဖြင့် အိမ်ပြန်၍ နာရေး ကိစ္စသာ အရင် လုပ်ရန် ပြောဆိုခဲ့ကြောင်းသိရသည်။
“ရဲစခန်းမှာ ရေးထားတဲ့စာ ကူညီပါရစေ ဆိုတဲ့စာကိုဖျက်လိုက်ပါ။ အစတည်းက ဖြူးမြို့မှာ ပေါ်တာ အမည်ခံ လူတွေဆွဲပြီး သိန်း ၅၀၊ ၁၀၀ စသည်ဖြင့် ယူပြီး ပြန်လွတ်ပေး၊ ပြန်ပေးဆွဲပြီး ပြန်ညှစ် ငွေယူ ပြန်လွတ်ပေး ဒါနဲ့ပဲဖြူးမြို့မှာ သံသရာလည်နေတာပါ။ ငွေညှစ်စား ပေါ်တာဆွဲတဲ့ ရဲ နဲ့စစ်တပ်အဖွဲ့က အခုလူသတ်အဖွဲ့ဖြစ်နေပါတယ်” ဟု ဖြူးဒေသခံတစ်ဦးက ဆိုသည်။
ဓာတ်ပုံ – ပေးပို့