ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

 

ကရင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မြဝတီမြို့အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကိုင်ဆောင်သွားလာခြင်းအပေါ် စစ်အုပ်စုက ကန့်သတ်ချုပ်ချယ်မှုများ စတင်ပြုလုပ်လာကြောင်း သိရသည်။

 

မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်း၌ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က ပြုလုပ်သည့် စစ်အုပ်စုနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ တွေ့ဆုံပွဲတွင် အချက် ၈ ချက်ပါ အစည်းအဝေးမှတ်တမ်းကို ထုတ် ပြန်ခဲ့သည်။

 

ကရင်အမျိုးသားအစည်းအရုံး KNU ပါဝင်ခြင်းမရှိသည့် အဆိုပါအစည်းအဝေးတွင် ကရင်လက်နက်ကိုင် အဖွဲ့များအနေဖြင့် မြို့အတွင်း မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုရန်နှင့် လက်နက်များကို သက်ဆိုင်ရာ တပ်ရင်းများ၌သာ အပ်နှံထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အကယ်၍ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက အမှုဖွင့်အရေးယူ သွားမည်ဖြစ်ပြီး အဖွဲ့အစည်းများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် KTV များတွင်လည်း ယူနီဖောင်းဝတ်ဆင်ခြင်း၊ လက် နက်ကိုင်ဆောင်ခြင်းနှင့် လုံခြုံရေးချထားခြင်းတို့ကိုပါ တင်းကျပ်စွာ တားမြစ်ထားသည်။

 

“မြဝတီမြို့ထဲမှာ BGF၊ DKBA ရော KNU အဖွဲ့တွေရော ရှိကြတာ။ စစ်အုပ်စု လက်အောက်ခံ BGF တွေကိုတော့ ဘယ်လောက်ထိ ကန့်သတ်မလဲ၊ လက်နက်ကိုင်ခွင့်ပေးမလားတော့ မသိရသေးဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အချက် ၈ ချက်ပါ အစည်းအဝေးမှတ်တမ်းတွင် မြဝတီမြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်သည့် လက်နက် ကိုင်တပ်ဖွဲ့ဝင်များ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်းမပြုရန်နှင့် လက်နက်များကို သက်ဆိုင်ရာတပ်ရင်းများတွင်သာ အပ်နှံထားရန် ဖော်ပြထားသည်။

 

ထိုသို့ ကန့်သတ်ချက်များပြုလုပ်ရခြင်းမှာ မြို့နေပြည်သူများလိုလားသည့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး လမ်းစဉ်တွင် ဆူးညောင့်ခလုတ်မဖြစ်စေရန်ရည်ရွယ်သည်ဟုဆိုထားသည်။

 

စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်အတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင် သော PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ခလရ ၂၇၅ အပါအဝင် မြဝတီမြို့ကို ခဏတာ လက်လွတ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် စစ်အုပ်စု၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက လရ ၂၇၅ အတွင်းသို့ ပြန်လည်ဝင်ရောက်တပ်စွဲနိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)