နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
တော်လှန်ရေးထဲသို့ ကိုယ်ကျိုးအတွက် ဝင်ရောက်လာပြီးနောက် ရန်သူနှင့် ပူးပေါင်းသွားသူများ အပါ အဝင် စည်းကမ်းဖောက်ဖျက်သော ရဲဘော် ၃၅ ဦးကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး သစ္စာဖောက် များအား လူမှုရေးပြစ်ဒဏ် (Social Punishment) ပြုလုပ်ကြရန် TRI ဗျူဟာက တိုက်တွန်းသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ ကွပ်ကဲမှုအောက်ရှိ TRI (ထရိုင်) ဗျူဟာသည် တပ်မှ ထုတ်ပယ်ခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်းအဖြစ် အမျိုးသမီး ရှစ် ဦး အပါအဝင် ရဲဘော် ၃၅ ဦး၏ ဓာတ်ပုံ၊ အမည်၊ မိဘအမည်နှင့် လိပ်စာတို့ကို ဧပြီ ၂၇ ရက်တွင် အတိအကျ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဓာတ်ပုံများနှင့်တကွ အတိအကျ ထုတ်ပြန်ရခြင်းမှာ ၎င်းတို့သည် တော်လှန်ရေး၏ ဂုဏ်ရှိန်ကို အသုံးချကာ ကိုယ်ကျိုးရှာခဲ့ကြပြီးနောက် ရန်သူနှင့်ပါ ပူးပေါင်းသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
“သူတို့က အမျိုးမျိုး အကြောင်းပြပြီး ကဖျက် ယဖျက် လုပ်ကြတယ်။ ပြီးတော့ ရန်သူနဲ့ ပူးပေါင်း အလင်းဝင်တယ်။ ဒါဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဆိုတာ သိအောင် လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း လုပ်စေချင်လို့ အခုလို ထုတ်ပြန်တာပါ” ဟု TRI (ထရိုင်) ဗျူဟာ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ် ကို ပြောသည်။
အဆိုပါ ရဲဘော်များသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရဲဘော်ရဲဘက်များကို စွန့်ခွာထွက်ပြေးခြင်း၊ တပ်ပိုင်ပစ္စည်းနှင့် ငွေကြေးများကို ခိုးယူအလွဲသုံးစားပြုခြင်း၊ ရန်သူ့ထံ လက်နက်ချခြင်းတို့အပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန် တည်နေရာ (Location) များ ပေးပို့ခြင်းနှင့် အခြားရဲဘော်များ ကိုပါ ရန်သူထံ လက်နက်ချရန် မြူဆွယ်စည်းရုံးခြင်း စသည့် သစ္စာဖောက်မှုများကို လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် TRI ဗျူဟာက ၎င်းတို့ကို “တပ်ပြေးနှင့် တော်လှန်ရေးသစ္စာဖောက် လောက်ကောင်များ” အဖြစ် သတ်မှတ်လိုက်ပြီး ၎င်းတို့နှင့် ပတ်သက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို တာဝန်ယူ ဖြေရှင်း ပေးမည် မဟုတ်ကြောင်းနှင့် ကျူးလွန်သည့် ပြစ်မှုများအတွက်လည်း ထိထိရောက်ရောက် ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရွေးတုအစိုးရ အသွင်ပြောင်း စစ်အုပ်စုသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် တော်လှန်ရေး အင်အားစုများ အလင်းဝင်လာသည်ဟု ဝါဒဖြန့်ကာ အချိုသတ် စည်းရုံးနေမှုများကိုလည်း ပြည်သူများ အနေဖြင့် သတိပြုကြရန် ဗျူဟာတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
NUG လက်အောက်ခံ TRI (ထရိုင်) ဗျူဟာသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်းအတွင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း မိုးကုတ်နှင့် မိုးမိတ်မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့တစ်ခု ဖြစ်သည်။
ဓာတ်ပုံ – TRI (ထရိုင်) ဗျူဟာ