​ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်

​ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် ပြည်သူ့စစ်မှုထမ်းအတွက်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လစဉ်အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

​ဒေးဒရဲမြို့နယ်၊ သဲကုန်းလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် တစ်သိန်းကျပ်နှုန်းဖြင့် လစဉ်ကောက်ခံနေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

အဆိုပါငွေကြေးကို မပေးဆောင်နိုင်ပါက စစ်မှုထမ်းရန်အတွက် မဲနှိုက်ရမည်ပြောဆိုကာ ပြည်သူ့စစ်မှုထမ်းဆောင်ရမည်ဟု ဖိအားပေးပြောဆိုမှုများ ရှိကြောင်းသိရသည်။

​“လစဉ်တိုင်း တောင်းနေတာပါ။ မပေးနိုင်ဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် မဲနှိုက်ရမယ်လို့ ပြောတယ်။ အိမ်ထောင်စုတစ်ခုမှာ အမျိုးသား သုံးယောက်ရှိရင် သုံးယောက်စာ ထည့်ရမယ်လို့ ပြောတာမျိုးတွေအထိ ရှိနေတော့၊ လက်လုပ်လက်စား မိသားစုတွေအတွက် တော်တော်လေး ခက်ခဲနေပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

​သဲကုန်းလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးသည် ၎င်း၏ဖခင်ဖြစ်သူ ဦးမြင့်စိုး ကျန်းမာရေးကြောင့် အနားယူသွားပြီးနောက်၊ အစားထိုး တာဝန်ယူလာသူဖြစ်ပြီး လက်ရှိတွင် မှော်အိုင်၊ သဲကုန်းလေးနှင့် ကျုံခရိုင် ကျေးရွာ ၃ ရွာပေါင်းကို အုပ်ချုပ်နေသူဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

ယခင်က မဲပေါက်ထားသူများပင် စစ်တပ်သို့ ပြည်သူ့စစ်မှုထမ်းသို့ ခေါ်ဆောင်ခြင်း မခံရသေးဘဲ အကြိမ်ကြိမ်မဲနှိုက်ခိုင်းပြီး စစ်မှုထမ်းအတွပ်ဟုဆိုကာ ငွေကြေးများ ဆက်လက် ပေးဆောင်နေရသည်ဟု ဆိုသည်။

ပြည်သူ့စစ်မှုထမ်းကြေးအကြောင်းပြကာ ငွေကြေးကောက်ခံမှုများကြောင့် လက်လုပ်လက်စားများနှင့် ကျေးလက်ဒေသခံအများစုမှာ လစဉ်အခက်အခဲများရှိနေပြီး ယခုကဲ့သို့ အဆမတန် ကောက်ခံရရှိသည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးချနေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အများစုသည် စစ်မှုထမ်းဥပဒေကို အသုံး ချကာ ပြည်သူများထံမှ ငွေကြေးအဆမတန် တောင်းယူပြီး ချမ်းသာကြွယ်ဝလျက်ရှိကြောင်း မြေပြင် သတင်းများအရ သိရသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၂၄ ကိုလည်း စစ်သင်တန်းပေးနေပြီး သင်တန်းပြီး‌ဆုံးခဲ့သည့် စစ်မှုထမ်း သင်တန်းသားများကို တပ်အင်အားလိုနေသည့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိသည်။

ဓာတ်ပုံ-အမှတ်စဉ် ၂၄ ပြည်သူ့စစ်မှုထမ်းများ