ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ စခန်းတစ်ခု သိမ်းပိုက်ခံရပြီးနောက် စစ်အုပ်စုက အငြိုးအတေးဖြင့် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေပြည်တော်နှင့် ထိစပ်နေသည့် နယ်မြေများမှ ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် လေယာဉ် ၄ စီး၊ ၅ စီးခန့်ဖြင့် ဗုံးအလုံးရေ ၁၀၀ ဝန်းကျင်အသုံးပြုကာ အရပ်သားပစ်မှတ်များကို ရက်စက်စွာ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ရေတာရှည်မြို့နယ် သာစည်ရွာ၊ သံတောင်ကြီးမြို့နယ်ရှိ ဗဟန်းရွာနှင့် ဘုံတောင်ရွာများမှ ဒေသခံ ၃၀ ကျော် သေဆုံးခဲ့ရသည်။

 

“နေရာအတော်များများမှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်နေတာ၊ အဓိက အရပ်သားပစ်မှတ်တွေ များတယ်။ ဗဟန်းရွာနဲ့ ဘုံတောင်ရွာတွေဆို အိမ်အပျက်အစီး ပိုများတယ်။ ကလေးငယ်တွေ သေတာများတယ်၊ တချို့ဆို ရုပ်အလောင်းတွေက တစစီ ဖြစ်နေတာ။ ဒဏ်ရာရသူတွေလည်း အများကြီးပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနမှ ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က လယ်ဝေးမြို့နယ်ရှိ ခမရ-၄၁၁ တပ်ရင်း၏ တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်။ ယင်းသို့ စစ်ရုံးချုပ်တည်ရှိရာ နယ်မြေအတွင်း စခန်းသိမ်းခံရမှုကြောင့် စစ်အုပ်စုက အရာရှိကြီးများနှင့် ဒုစစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒုစကခမှူး) တို့ကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

 

လက်ရှိတွင် မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေပြည်တော် PDF ရဲဘော် နှစ် ဦးလည်း ကျဆုံးခဲ့ရသည်။ လေကြောင်းအန္တရာယ်ကြောင့် သံတောင်ကြီးမြောက်ပိုင်းရှိ ကျေးရွာအများအပြားမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်