ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေသည် လာမည့် မေလ ၁၃ ရက်မှ စတင်၍ တောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။
မုတ်သုံလေသည် လာမည့် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မေ ၁၉ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မေ ၃၁ ရက်မှ ဇွန် ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ မုတ်သုံလေ အသီးသီး ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း လေး ကြိမ် ဖြစ်ပေါ် နိုင်ပြီး နှစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ကူးပြောင်းရောက်ရှိနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်း ထားပြီး ယမန်နှစ်ထက် မုန်တိုင်းဖြစ်နိုင်ခြေ ပိုများနေသည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန် လိုအပ် နေသည်။
မိုးဦးကာလအတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်အသီးသီးရှိ မြစ်ရေများသည် လက်ရှိရေမှတ်ထက် မြင့်တက်လာနိုင်သော်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့် အခြေအနေ မရှိသေးကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်