ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း နတ်ရေကန်ဗျူဟာကို စစ်ကူတက်သည့် စစ်တပ်စစ်ကြောင်းနှင့် AAပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ဂုတ်ကြီးလမ်းကြောင်းကို စစ်ကူပို့လာသည့် စစ်ကြောင်းနှင့် AAတို့ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က နောက်ထပ် စစ်ကူယာဉ်တန်းထပ်မံစေလွှတ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပြီးခဲ့သည့် ဧပြီ ၂၅ရက်နေ့က ရိက္ခာနှင့်ခဲယမ်းများကို စစ်တပ်က နတ်ရေကန်ဗျူဟာကိုပို့ခဲ့သည်။

”လမ်းဟောင်းကလည်း လမ်းကြောင်းကပွင့်သလောက်ရှိနေတာကို လေကြောင်းကနေပါ စစ်ကူနဲ့ ခဲယမ်းပို့နေတာ။ တိုက်ပွဲကတော့ ၂၅ရက်နေ့ကထိကိုဖြစ်နေတယ်” ဟုစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧပြီ ဒုတိယပတ် သင်္ကြန်ကာလအတွင်း၌လည်း နတ်ရေကန်လမ်းပိုင်းတွင် တိုက်ပွဲများဆက်ရှိနေခဲ့ပြီး စစ်တပ်က နောင်နှင့် လိုင်ရွာကို ဧပြီ ၁၉ရက်နေ့တွင် အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မစခ ၉၀၅အတွင်းမှနေ၍လည်း လက်နက်ကြီးများဖြင့်ဆက်တိုက်ပစ်ကူပေးနေကြောင်း သိရသည်။
စစ်တပ်၏လက်နက်ကြီး ပစ်ခတ်မှုနှင့် အသေခံဒရုန်းတိုက်ခိုက်မှုများကြောင့် ပဒါန်းတပ်နယ်အတွင်း တောင်ယာတဲများတွင် စစ်ရှောင်နေကြရသည့် ဒေသခံများထပ်မံထွက်ပြေးနေကြရသည်။
စစ်တပ်က မစခ ၉၀၅နှင့် ကပစ ၁၄တို့တွင်လည်း လုံခြုံရေးများတိုးမြှင့်ချထားသည်ဟုသိရပြီး နတ်ရေကန်လမ်းတလျှောက် လွန်းထိုးလှုပ်ရှားနိုင်ရန် စစ်ကူပို့နေကာ ကင်းထောက်ဒရုန်းများဖြင့်လည်း နေ့စဉ်ထောက်လှမ်းမှုရှိနေသည်။