ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ ဧပြီ ၂၇ ရက်

 

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်ရှိ စစ်အုပ်စု၏ အရေးပါသော ကဘော်တူတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၂၅ ရက်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ကဘော်တူစခန်းသည် ဖာပွန်မြို့နှင့် ကမမောင်းမြို့အကြားရှိ စစ်ကော်မရှင်၏ ဗျူဟာမြောက်စခန်း တစ်ခုဖြစ်ပြီး လူသောမြို့နယ်အတွင်း နှစ်ပေါင်း ၃၀ ကျော်ကြာ အခြေချတပ်စွဲထားသည့် စခန်းဖြစ် သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါစခန်းကို ပြီးခဲ့သည့် မတ်လကတည်းက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

 

“တိုက်ပွဲအခြေအနေကတော့ မရခင်က တော်တော်ပြင်းထန်ပါတယ်။ လေယာဉ်ကလည်း နေ့ရောညပါ ပစ်ကူပေးတယ်။ဒါပေမဲ့နောက်ဆုံးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက်တွင်လည်း စစ်ကော်မရှင်က လေကြောင်းမှတစ်ဆင့် ကဘော်တူစခန်းနှင့် တပ်မဟာ (၅) နယ်မြေအတွင်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် နေကြောင်း သိရသည်။

 

“စခန်းသိမ်းပြီးနောက်ပိုင်း နေ့ရောညပါ လေယာဉ်နဲ့ လာကြဲတယ်။ ကဘော်တူစခန်းတင်မကဘူး၊ ရွာတွေကိုလည်း တစ်နေရာမဟုတ် တစ်နေရာ လိုက်ပစ်နေတာ” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ် ဒို့က ဆက်လက်ပြောကြားသည်။

 

လက်ရှိတွင် မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် မတ်လအတွင်း ကလည်း စစ်အုပ်စု၏ ကော်သွေးကျိုးနှင့် ထဲနယ်ကျိုး တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်