‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၇ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများမှာ တစ်နှစ်ကျော် ကြာမြင့် လာပြီးနောက် စစ်အုပ်စုဘက်မှ အင်အားပြုန်းတီးကာ အထိနာလာသည့်အတွက် ရှေ့တန်းပြန် စစ်သားများ ကို မကြာခဏ ခေါ်ယူကာ စိတ်ဓာတ်စစ်ဆင်ရေး (ဝါဒဖြန့်မှု) များ ပြုလုပ်ပေးနေရကြောင်း သိရသည်။

စစ်တွေမြို့နယ်အခြေစိုက် ဒေသတပ်ရင်းတစ်ခုတွင် ယမန်နေ့ ဧပြီ ၂၆ ရက်က ကျောက်ဖြူရှေ့တန်း ပြန်များကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်လာခြင်း ဖြစ်သည်။

“ရှေ့တန်းပြန်တွေရဲ့ ဒီတစ်ခါ ကြိုဆိုပြီး အိမ်ပြန်ခရီးကတော့ နီးနီးနားနား စစ်တွေပေါ့။ လူလတ်ဆတ် အောင်လုပ်ပြီး ပြန်ထွက်ခိုင်းမှာပါ။ နောက်ထပ် လွှတ်မယ့်သူတွေကိုလည်း ထွက်ချင်အောင် စိတ်ဓာတ် မြှင့်တဲ့သဘောပါပဲ” ဟု စစ်ရေးအခြေအနေကိုမပြတ်လေ့လာနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ်အစ လေးလအတွင်း ကျောက်ဖြူရှေ့တန်းပြန်များကို ကြိုဆိုဂုဏ်ပြုသည်ဟုဆိုကာ ဝါဒဖြန့် လာသည်မှာ ၃ ကြိမ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက ရန်ကုန်၊ အင်းတိုင်အခြေစိုက်တပ်ရင်းနှင့် ဧပြီ ၆ ရက်တွင် ရဲမွန်ရှိတပ်ရင်းတို့၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ဦးဆောင်၍ ကြိုဆိုပွဲများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုသည် ထိုသို့ ရှေ့တန်းပြန်များကို ပြန်လည်ခေါ်ယူပြီးတိုင်း ကျောက်ဖြူစစ်မျက်နှာသို့ ရေကြောင်း၊ လေကြောင်းများမှတစ်ဆင့် စစ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းလေ့ရှိပြီး ကျောက်ဖြူမြို့တစ်ဝိုက်ကိုသာ နယ်မြေစိုးမိုးနိုင်၍ သိုင်းချောင်း၊ မင်းပြင်နှင့် ဒိုးမတောင်တို့တွင် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

လက်ရှိတွင် ဟန့်တားစစ်ဖြင့်သာ ခုခံနေသည့် အာရက္ခတပ်တော် (AA) သည် ဧပြီလ ဒုတိယပတ် သင်္ကြန်ကာလမှစတင်ကာ ထိုးစစ်အသွင် ပြောင်းလဲတိုက်ခိုက်မှုများ ရှိလာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်ဖြူသည် ရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် တရုတ် BRI စီမံကိန်းများရှိရာ နေရာဖြစ်သဖြင့် ရွေးတုစစ်အုပ်စုနှင့် AA တပ်ဖွဲ့တို့နှစ်ဖက်စလုံးအတွက် စစ်ရေး၊ နိုင်ငံရေးအရ အလွန်အရေးပါသည့် စစ်မျက်နှာတစ်ခု ဖြစ်နေသည်။

ဓာတ်ပုံ – MOI