ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
အပူချိန် မြင့်တက်နေသည့် ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ထံမှ သိရသည်။
ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး မိုးတိမ်တောင်များ ရွေ့လျားရာ တစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများအရ ပြင်ဦးလွင် (ဇီးပင်ကြီး) တွင် ၂ ဒသမ ၇၉ လက်မ၊ ရွှေဘိုမြို့တွင် ၂ ဒသမ ၅၂ လက်မ၊ သပိတ်ကျင်းတွင် ၂ ဒသမ ၃၆ လက်မနှင့် ကျောက်ဆည် (လွန်ကျော်) တွင် ၁ ဒသမ ၉၇ လက်မအထိ မိုးရေချိန်များခဲ့ကြောင်း သိရသည်။
ယမန်နေ့က ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံခြင်း၊ ပြင်ဦးလွင်နှင့် တောင်ငူမြို့တို့တွင် လေပြင်းကြောင့် သစ်ပင်များ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် ဧပြီ ၂၅ ရက်က တိုက်ခတ်သည့် လေပြင်းကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ဝါအောင်စစ်ဘေးရှောင်စခန်းနှင့် နမ္မတီးမြို့ရှိ စိန်ထရေဇားစစ်ဘေးရှောင်စခန်းတို့တွင် အိမ်ဆောင်များ၊ မူကြိုကျောင်းနှင့် ဝတ်ပြုကျောင်းဆောင်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲရှောင်ပြည်သူတွေ ယာယီတိမ်းရှောင်နေကြတဲ့ လူနေဆောင်တွေ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ပျက်စီးသွားတဲ့အတွက် လှူဒါန်းနိုင်ဖို့ နှိုးဆော်လိုက်ပါတယ်” ဟု Lawa Parish Youth အဖွဲ့က ဆိုသည်။
လာမည့် မေလသည် မိုးကြိုကာလဖြစ်သဖြင့် အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီအတွင်း လေထုမငြိမ်သက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် နေရာကွက်ကျား မိုးထစ် ချုန်းရွာခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။
ဓာတ်ပုံ – Lawa Parish Youth၊ MFS