ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ရက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့၊ အုန်းစံဆိုင်ကျေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ရှမ်းနီ အမျိုးသား တပ်မတော် (SNA) ၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းနီလွတ်လပ်ရေးတပ်မတော် (SSIA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အုန်းစံဆိုင်ရွာရှိ SNA ၏ စခန်း ၃ ခုအနက် စခန်း နှစ်ခုကို ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဧပြီလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များသည် အုန်းစံဆိုင်ရွာရှိ SNA ၏ စခန်း (၃) ခုအနက် စခန်း (၂) ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
“အခုကတော့ တိုက်ပွဲပြန်ငြိမ်နေတယ်လို့ ပြောပါတယ်။ စခန်းသိမ်းတုန်းက လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့ပြီး လတ်တလောတော့ တိုက်ပွဲသံမကြားရတော့ဘူး။ ဒါပေမဲ့ စစ်ရေးအရတော့ နှစ်ဖက် စောင့်ကြည့်မှုတွေ ရှိနေဆဲပဲ” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အုန်းစံဆိုင်ကျေးရွာအတွင်း SNA တပ်စွဲထားသည့် ရွာလယ်စခန်းတစ်ခုကိုမူ ဒေသခံများ၏ လုံခြုံရေးကို ငဲ့ညှာသောအားဖြင့် တိုက်ခိုက်မှုမပြုလုပ်ဘဲ ကျန်စခန်း နှစ် ခုကိုသာ KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ရှမ်းနီတပ်များက တန်ပြန်ထိုးစစ်ဆင်ရန် စစ်ကြောင်းများခွဲထွက်လာသလို စစ်အုပ်စု၏ ခမရ ၃၈၅ မှလည်း စစ်ကူများ စေလွှတ်ခဲ့သော်လည်း စခန်း နှစ် ခုကို လက်လွှတ်ခဲ့ရကာ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၃ ရက်၌ပင် ရွှေကူမြို့၊ ၅ လမ်းဆုံရှိ စစ်အုပ်စု၏ စခန်းကြီးတစ်ခုကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိတွင် စစ်အုပ်စုနှင့် KIA တပ်ဖွဲ့များအကြား ကချင်ပြည်နယ် အတွင်းရှိ ဖားကန့်၊ ဗန်းမော်၊ မိုးညှင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပူတာအိုနှင့် ဝိုင်းမော် ဘက်တွင်လည်း စစ်ရေးတင်းမာလျက်ရှိသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)