နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်

 

ယခင် NLD အစိုးရလက်ထက်က အမျိုးသမီးများ၏ အပျိုစင်ဘဝကို လိမ်လည်ရယူ ဖျက်ဆီးမှုဖြင့် အမှုဖွင့် ဝရမ်းထုတ်ခံထားရသည့် ခွန်တန် (ခ) ဇာတ်လိုက်နှင့်အဖွဲ့ လက်နက်ချလာခြင်းကို ၎င်းတို့အား ခုခံတော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ၂၀၂၅ အတု အယောင်ရွေးကောက်ပွဲပေါ်ထွက်လာသည့် ရွေးတုအစိုးရက ဝါဒဖြန့်လာသည်။

 

ရွေးတုအစိုးရသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အသီးသီးမှ PNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အညံ့ခံလာသည်ဟုဆိုကာ ယမန်နေ့ ဧပြီ ၂၆ ရက်တွင် အခမ်းအနားဖြင့် မိဘများထံ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

“အရင်တုန်းက အခက်အခဲတွေ့လို့ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် သူ့ကို ကယ်ဖူး ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ စည်းမျဉ်းကို မလိုက်နာဘူး။ အဲဒီအချိန်မှာ PNO ပြည်သူ့စစ်က သူတို့ဆီလာရင် ကြိုက်တာလုပ်လို့ရတယ်ဆိုပြီး ဆွဲဆောင်တော့ ထွက်ပြီးပြန်သွားတယ်” ဟု PNLO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုစစ်အုပ်စုက PNLO တပ်ဖွဲ့ဝင်များအဖြစ် ဝါဒဖြန့်နေသည့် ခွန်တန် (ခ) ဇာတ်လိုက်သည် ၉ နှစ်သားအရွယ်ကတည်းက မွန်ပြည်နယ်၊ အလံတရာ သာသနာ့နယ်မြေသို့ ရောက်ရှိလာပြီး အလံတရာ ဆရာတော် ဝင်စားသည်ဟုဆိုကာ အရွယ်မရောက်သေးသူများ အပါအဝင် အမျိုးသမီးများကို ကာမ လိမ်လည်မှုများ ကျူးလွန်ခဲ့သူဖြစ်သည်။

 

၎င်းသည် ‘ပန်းဦးလွှတ်’ ဓလေ့ကဲ့သို့ သဘောကျသည့် အမျိုးသမီးများကို သိဒ္ဓိမြောက်ရန် ‘လက်ချည်’ (လက်ထပ်ထိမ်းမြား) ရမည်ဟုဆိုကာ သိမ်းသွင်းပြီး အပျိုစင်ဘဝများကို ဖျက်ဆီးကာ ကာလတို ပေါင်းသင်းပြီးလျှင် မိဘများထံ ပြန်ပို့လေ့ရှိသူဖြစ်သည်။

 

ထိုသို့ ဘာသာရေးကို ခုတုံးလုပ်ကာ ကျူးလွန်ခဲ့မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ကာယကံရှင် မိသားစုများနှင့် အစိုးရအဖွဲ့က ပုဒ်မအများအပြားဖြင့် အမှုဖွင့် ဖမ်းဆီးရန် လုပ်ဆောင်ချိန်တွင် ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြစ်သည်။

“၂၀၂၄ မှာ ကျွန်တော်တို့ စစ်ကောင်စီကို ပြန်တိုက်တဲ့အခါ သူတို့က တော်လှန်ရေး ပြန်လုပ်ချင် တယ်ဆိုပြီး တောင်းဆိုလာလို့ တော်လှန်ရေးမျက်နှာကို ရှေးရှုပြီး ပြန်လက်ခံခဲ့တာပါ။ သူတို့က တော်လှန်ရေး သန္ဓေတပ်ဖွဲ့ဝင်တွေ မဟုတ်လို့ အခုလို လက်နက် ပြန်ချသွားတာ ဖြစ်တယ်” ဟု PNLO တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

 

ရွေးတုစစ်အုပ်စုက လူအင်အား ၆၁ ဦးဟု အလင်းဝင်ဟု ဝါဒဖြန့်ထားသော်လည်း လက်တွေ့တွင် လူဦးရေ ၃၀ ကျော်သာရှိပြီး ခွန်တန်၏ နောက်လိုက်များသာဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့ ဝတ်ဆင်ထားသည့် ယူနီဖောင်းများနှင့် အမှတ်တံဆိပ်များမှာလည်း လိမ်ညာပြင်ဆင်ထားသည့် အသစ် များဖြစ်ကာ PNLO တပ်ဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အဆိုပါအဖွဲ့က တုံ့ပြန်ငြင်းဆိုထားသည်။

 

ခွန်တန် (ခ) ဇာတ်လိုက်ကို လက်ရှိတွင် သထုံမြို့မရဲစခန်း၌ အလိုမတူဘဲ အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခြင်း (ပုဒ်မ ၃၆၃/၃၆၆) နှင့် သာသနာညှိုးနွမ်းစေမှုတို့ဖြင့် အမှုဖွင့်ထားဆဲဖြစ်ကာ တရားခံပြေးအဖြစ် သတ်မှတ်ထားသူဖြစ်သည်။

 

ရွေးတုအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များလည်း လက်နက်ခဲယမ်းနှင့်အတူ အညံ့ခံမှုများ ရှိလာသည်ဟု မဟုတ်မမှန် ဝါဒဖြန့်ဆိုမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသော်လည်း ၎င်းတို့၏ ထုတ်ပြန်မှုများမှာ အတုအယောင်သာဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်၊ MOI