ဧရာဝတီတိုင်းမ်
(ပြည်)၊ ဧပြီ ၂၇ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေရှိ အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်စန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီ ၁၈ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး တင်မောင်စန်းသည် ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ပေးအပ်ထားသည့် လူမှုထူးချွန်ဆု (တတိယဆင့်) ရရှိထားသူဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်သတိပေးထားသော်လည်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ဆက်လက်လုပ်ဆောင်ပေးနေသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးတာကခုမှသတင်းထုတ်တာပါ။ ၁၈ရက်နေ့မတိုင်ခင်တည်းက သေတယ်လို့ သတင်းထွက်နေတာ။ ဝက်ထီးကန်ရဲစခန်းက ရဲတွေ နဲ့ စစ်တပ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး နွေလယ်ကာလမှာ ရေလိုက်နေတဲ့ ပြည်သူသုံးဦးကိုဖမ်းသွားတယ်။ နောက်နေ့မှာဝက်ထီးကန်ရဲစခန်းက စခန်းမှူးဆီမှာ တယောက်ကို ၅ သိန်းနဲ့ပြန်ရွေးရတယ်လို့ သိရတယ်” ဟု ပြည်ခရိုင်တော်လှန်ရေးတက်ဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
အုပ်ချုပ်ရေးမှူး တင်မောင်စန်းသည် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနှင့် ရင်းနှီးမှုရယူကာ ဒေသခံများအပေါ် မောက်မာရိုင်းစိုင်းခြင်း၊ စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းခြင်း၊ ဖမ်းဆီးခံရသူများအား ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်းနှင့် လောင်းကစားဝိုင်းများမှ ငွေကြေးကောက်ခံကာ စစ်ကော်မရှင်ထံ ဆက်ကြေးပေးခြင်းများကို ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂) က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်၏ ဒေါက်တိုင်များအနေဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်းများ ရှောင်ကြဉ်ကြရန်နှင့် စစ်ကော်မရှင်နှင့် ပူးပေါင်းကာ ပြည်သူကို ဆက်လက်ထိခိုက်နစ်နာစေပါက တော်လှန်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခရိုင်တပ်ရင်း (၂) က သတိပေးထုတ်ပြန်ထားသည်။